မြိုင်ကတိုက်ပွဲမှာ လက်နက်မမျှလို့ PDF ရဲဘော် ၄ ဦးသေဆုံး( ရုပ်/သံ)

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကျောက်ဖူးရွာအနီး ထိတွေ့တိုက်ပွဲမှာ ရဲဘော်တွေလွတ်မြောက်ဖို့ ကာပစ်ပေးရင်း သေဆုံးခဲ့တဲ့ ရဲဘော် ၄ ဦးရဲ့ ဈာပနကို အောက်တိုဘာလ ၁၁ ရက် ညနေပိုင်းမှာ ပြုလုပ်ခဲ့တယ်လို့ Tartay Revolution Force - TRF အဖွဲ့ဆီက သိရပါတယ်။
 
အဲ့ဒီရဲဘော် ၄ ဦးဟာ အောက်တိုဘာလ ၁၀ ရက် မနက် ၆ နာရီဝန်းကျင်မှာ မြိုင်မြို့နယ် ကျောက်ဖူးရွာအနီး စစ်ကောင်စီနဲ့ ထိတွေ့တိုက်ပွဲမှာ တိုက်ပွဲကျသေဆုံးခဲ့တာလို့ Tartay Revolution Force - TRF ရဲဘော်တွတ်ပီက ပြောပါတယ်။
 
ရဲဘော်တွတ်ပီဟာ အဲ့ဒီတိုက်ပွဲမှာ နောက်ကင်းတာဝန်နဲ့ပါဝင်ခဲ့ပြီး အသက်ရှင်လွတ်မြောက်လာသူ ရဲဘော်တဦးလည်း ဖြစ်ပါတယ်။
 
"စစ်ကောင်စီအဖွဲ့က ခြုံထဲကထွက်လာတာ မမြင်လိုက်ရဘူး။ မင်္သကာလို့ ပတ်ကင်း ၂ ယောက်ကို ဆိုင်ကယ်နဲ့လွှတ်လိုက်တာ။ ဆိုင်ကယ်ပတ်ကင်းသမားတွေအပြန် ကမ်းထိပ်မှာ ကျနော်တို့စခန်းကို ဝိုင်းဖို့လုပ်နေတဲ့ စစ်ကြောင်းနဲ့တွေ့ပြီးတော့ တိုက်ပွဲဖြစ်တာ" လို့ ရဲဘော်တွတ်ပီက ပြောပါတယ်။
 
စခန်းကိုလာဝိုင်းတဲ့ စစ်ကောင်စီတပ်သား အင်အား ၂၀ နဲ့ တိုက်ပွဲစဖြစ်ချိန်မှာ စခန်းမှာရှိတဲ့ ရဲဘော်တွေလည်း ဝင်တိုက်ခိုက်ခဲ့ကြပြီး အဲ့ဒီတိုက်ပွဲမှာ TRF ကရဲဘော် ၄ ဦးသေဆုံးခဲ့တာလို့ ဆိုပါတယ်။
 
"ကျနော်မှာလည်း လက်လုပ်သေနတ်ဆိုတော့ နောက်ကလူရှောင်လို့ရအောင် ခြောက်ပစ်ပစ်ရင်းနဲ့ ပြန်ဆုတ်လာခဲ့ရတယ်" လို့ ရဲဘော်တွတ်ပီက ဆက်ပြောပါတယ်။
 
ရဲဘော်တွတ်ပီနဲ့ အတူ ရဲဘော်၇ဦးလွတ်မြောက်ခဲ့ပြီး လက်နက်အင်အားမမျှလို့ အသက် ၁၉နှစ်အရွယ် ရဲဘော် အဲလဒ် နဲ့ ရဲဘော် ဆိုက်ဘာ၊ ၂၁နှစ်အရွယ် ရဲဘော် ဘန်ဘန် နဲ့ ၄၈နှစ်အရွယ် ရဲဘော် ကိုဂျက်တို့ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
 
သူတို့ ၄ ဦးရဲ့အလောင်းကို အောက်တိုဘာလ ၁၁ ရက်မနက်ပိုင်းမှာ တိုက်ပွဲဖြစ်ခဲ့တဲ့ မြိုင်မြို့နယ် ကျောက်ဖူးရွာအနီးမှာ ပြန်တွေ့ခဲ့ပြီး ညနေပိုင်းမှာ မြေမြုပ်သင်္ဂြိုဟ်ပေးခဲ့တယ်လို့ သိရပါတယ်။
 
တည်းဖြတ် - ငြိမ်းဇော်
 
#မြေလတ်အသံ
#မကွေး #မြိုင် #ကျောက်ဖူးရွာ #စစ်ကောင်စီ #ကာကွယ်ရေးတပ် #တိုက်ပွဲ #ထိခိုက#သေဆုံး #ရုပ်သံသတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10