မြိုင်က ၂ ရက်တာတိုက်ပွဲမှာ စစ်ကောင်စီဘက်က သေဆုံးမှုများဟုဆို

မြိုင်က ၂ ရက်တာတိုက်ပွဲမှာ စစ်ကောင်စီဘက်က သေဆုံးမှုများဟုဆို

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရှင်မတောင်ဘက်နေ ကန်နီရွာကို ရိက္ခာလာပို့တဲ့ ခလရ ၂၅၈ က စစ်ကောင်စီတပ်တွေနဲ့ ဒေသခံကာကွယ်ရေးတပ်တို့ ၂ ရက်ဆက် ထိတွေ့တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က သေဆုံးသူများခဲ့တယ်လို့ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။ 

အင်အား ၁၈၀ ဝန်းကျင်ပါ စစ်ကောင်စီစစ်ကြောင်းနဲ့ ဒေသခံပူးပေါင်းတပ်တွေဟာ မြိုင်မြို့အရှေ့ဘက် ၂ မိုင်ကျော်အကွာရှိ ကျောင်းကုန်းရွာ၊ ကျောက်အိုးရွာနဲ့ သံမြေကျင်းရွာအနီးမှာ ဖေဖော်ဝါရီ ၇ ရက်က ထိတွေ့မှု ၃ ကြိမ်ဖြစ်ခဲ့ပါတယ်။ 

မနက် ၉ နာရီခွဲကနေ နေ့လယ် ၁ နာရီဝန်းကျင်အတွင်း တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒီတိုက်ခိုက်မှုတွေ အတွင်း စစ်ကောင်စီဘက်က ၉ ဦးသေဆုံးတယ်လို့ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံ ဗိုလ်လက်ယာက ပြောပါတယ်။ 

ဒါ့အပြင် ဖေဖော်ဝါရီ ၈ ရက်မှာလည်း အဆိုပါစစ်ကောင်စီတပ်တွေကို သံမြေကျင်းကျေးရွာအနီးမှာ နေ့လယ် ၁၀ နာရီကျော်ကနေ နေလယ် ၂ နာရီလောက်အထိ  ထိတွေ့ပစ်ခတ်မှု ဖြစ်ခဲ့တဲ့အပြင် ကာကွယ်ရေးရဲဘော်တွေဘက်က မိုင်းခွဲတာ၊ ဒရုန်းနဲ့ဗုံးသီးချတိုက်ခိုက်တာတွေလုပ်ပြီး စစ်ကောင်စီဘက်က ၅ ဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ 

ဒီတိုက်ခိုက်မှုတွေအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေနဲ့ပတ်သက်ပြီး မြေလတ်အသံက သီးခြားအတည်မပြုနိုင်သေးပါဘူး။ 

ဖေဖော်ဝါရီ ၁၀ ရက်မနက်ပိုင်းမှာတော့ ဒေသခံကာကွယ်ရေးတပ်တွေက သံမြေကျင်းရွာတွေဘက်ကို နယ်မြေရှင်းလင်းရေးသွားချိန်မှာ စစ်ကောင်စီဘက်ကကျန်ခဲ့တဲ့ ၆၀ မမ၊ ၈၀ မမ ပို့ယမ်းတွေနဲ့ နင်းမိုင်းအချို့ကို တွေ့ရှိသိမ်းဆည်းခဲ့တယ်လို့ ဆိုပါတယ်။ 

လက်ရှိမှာ အဆိုပါစစ်ကောင်စီစစ်ကြောင်းက ကန်နီရွာကို မရောက်သေးဘဲ မြိုင်မြို့အရှေ့ဘက် ကျေးရွာတွေအနီးမှာပဲ ရှိနေကာ ထိတွေ့တိုက်ပွဲတွေ ထပ်ဖြစ်လာနိုင်တာကြောင့် ဒေသခံပြည်သူတွေ သတိနဲ့နေပြီး ရှောင်ရှားကြဖို့ကိုလည်း မြိုင်မြို့နယ်ပကဖ က ထုတ်ပြန်ကြေညာထားပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ 

#မကွေး #မြိုင် #တိုက်ပွဲ #သေဆုံးမှုရှိ #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10