မြိုင် စက်မှု ၂ က စစ်အုပ်စုတိုက်ခိုက်ခံရလို့ ၃ ဦးသေဆုံးပြီး ဒုအရာခံဗိုလ် ၁ ဦးအပါ ၄ ဦးအရှင်ဖမ်းမိ (ရုပ်/သံ)

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ စက်မှု ၂ ဝန်းထဲက စစ်အုပ်စုကို ဝင်ရောက်တိုက်ခိုက်ခဲ့တာမှာ ၃ ဦးသေဆုံးပြီး ၄ ဦး အရှင်ဖမ်းမိခဲ့တယ်လို့ သွားရောက်တိုက်ခိုက်ခဲ့တဲ့ ဝံပုလွေပြောက်ကျားတပ်ဖွဲ့-မြိုင် ဆီက သိရပါတယ်။

စက်တင်ဘာ ၁၉ ရက် မနက် ၈ နာရီလောက်မှာ မြိုင် စက်မှု ၂ ဝန်းထဲကို ဝင်ရောက်တိုက်ခိုက်စဉ် စစ်အုပ်စုဘက်က တပ်ကြပ် ၁ ဦးနဲ့ ဒုအရာခံဗိုလ် ၁ ဦး အပါအဝင် ၄ ဦးကို အရှင်ဖမ်းဆီးနိုင်ခဲ့ကာ လက်နက်ပါတဲ့ နောက်ထပ် ၃ ဦးကိုတော့ အသေပစ်ခတ်ပြီး လက်နက်တချို့ပါ သိမ်းဆည်းရမိတယ်လို့ ဆိုပါတယ်။ 

“ပထမ ၄ ဦးက လက်နက်မပါဘူး၊ နောက် ၃ ဦးက လက်နက်ပါလာလို့ အသေပစ်ခတ်ပြီး လက်နက်ရယူနိုင်ခဲ့တယ်။ သေဆုံးတဲ့အချက်အလက်ကိုတော့ မရခဲ့ဘူး။”လို့ ဝံပုလွေပြောက်ကျားတပ်ဖွဲ့-မြိုင် ခေါင်းဆောင် ဗိုလ်မီးပွားက ပြောပါတယ်။

အရှင်ဖမ်းဆီးရမိထားတဲ့ တပ်ကြပ် တင်ဝင်း၊ ဒုအရာခံဗိုလ် ဖိုးလပြည့်၊ စက်မှု ၂ ဝန်ထမ်း မသဲမြတ်ဇင်နဲ့ ပျူစောထီး စိုင်းထက်အောင်တို့ကို တပ်ဖွဲ့စစ်ဥပဒေနဲ့အညီ ထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။

တိုက်ခိုက်မှုအတွင်း အသေပစ်ခတ်ခံရတဲ့ သူတွေထဲက MA 1 ၃ လက်၊ ကျည်ဘောက် ၄ ခုနဲ့ ဖုန်း ၂ လုံးကိုလည်း သိမ်းဆည်းရခဲ့ပြီး သေဆုံးအလောင်းတွေကိုတော့ စစ်အုပ်စုက အဲဒီနေ့မှာပဲ လာသယ်သွားတယ်လို့ သိရပါတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#မြိုင် #စက်မှု၂ #စစ်အုပ်စု #တိုက်ခိုက်ခံရ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10