မြိုင်ဒေသ ကြားကာလပညာရေး အားကောင်းပေမယ့် ထောက်ပံ့မှုနည်းပါးလို့ ဆရာ၊ဆရာမတွေ ရပ်တည်ဖို့ခက်ခဲလာ

မြိုင်ဒေသ ကြားကာလပညာရေး အားကောင်းပေမယ့် ထောက်ပံ့မှုနည်းပါးလို့ ဆရာ၊ဆရာမတွေ ရပ်တည်ဖို့ခက်ခဲလာ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်ဟာ တော်လှန်ရေးကာလမှာ ကြားကာလပညာသင်ကြားရေး အားကောင်းတဲ့မြို့ဖြစ်ပေမယ့် သင်ကြားပေးနေတဲ့ ဆရာ၊ဆရာမတွေကို ထောက်ပံ့ပေးနိုင်မှုနည်းပါးတဲ့ အတွက် ရေရှည်ရပ်တည်ဖို့ခက်ခဲနေကြပြီလို့ သိရပါတယ်။

မြိုင်မြို့နယ်မှာ ကြားကာလစာသင်ကျောင်းတွေကို ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလက စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး စာသင်နှစ် ၂ နှစ်ရှိလာပြီးနောက်ပိုင်းမှာတော့ ပညာရေးဝန်ထမ်းတွေအနေနဲ့ စားဝတ်နေရေးနဲ့ ဘဝရပ်တည်ရေးလိုအပ်ချက်တွေ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။

“အကုန်လုံးက စိတ်ဓာတ်နဲ့တောင့်ခံနေကြတာပေါ့။ ၃ နှစ်လောက်ဖြစ်လာတော့ မလွယ်တော့ဘူး။ ခုက ဘဝရပ်တည်ရေးအတွက် အလုပ်လုပ်တော့မယ်ဆိုပြီး မသင်တော့ဘဲ ထွက်သွားရင်တောင် မဆွဲထားနိုင်တဲ့အနေအထား။ ဘာမှလည်း ထောက်ပံ့မှုမပေးနိုင်တော့ ထိန်းလည်းမထိန်းထားနိုင်သလို ထိန်းလည်းထိန်းမထားရက်တော့ဘူး" လို့ မြိုင်မြို့နယ်ပညာရေးဘုတ်အဖွဲ့ ဆရာတဦးက ပြောပါတယ်။

သင်ကြားပေးနေသူတွေအတွက် လစဉ်ထောက်ပံ့မှုအဖြစ်ကျေးရွာတချို့မှာ ဆရာ၊ဆရာမတဦးကို တသိန်းကျပ် ထောက်ပံ့ပေးနိုင်ပြီး  ကျေးရွာအများစုမှာ ၂ သောင်းကျပ်ကနေ ၅ သောင်းကျပ်အထိသာ  ထောက်ပံ့ပေးနိုင်တယ်လို့ ဆိုပါတယ်။

မြိုင်မြို့နယ်မှာ လက်ရှိ ကြားကာလစာသင်ကျောင်း ၂၂၂ကျောင်းနဲ့ ကျောင်းသားဦးရေ ၃၆၀၀၀ ရှိပြီး သင်ကြားရေးအတွက်  CDM ဆရာ၊ဆရာမ ၇၈၅ ဦး ၊ volunteer ၂၅၅၇ ဦးနဲ့ ဘာသာရပ် ၁၀ မျိုး သင်ကြားပေးနေကာ ပညာသင်နှစ်တနှစ်ကို ၆ လသတ်မှတ်ထားတာလည်းဖြစ်ပါတယ်။

NUG ပညာရေးဝန်ကြီးဌာနကတော့ တယူနစ်(ကျောင်းသား ၅၀)အတွက် ကျပ်တသိန်းခွဲနှုန်း ထောက်ပံ့ပေးပြီး အဲ့ဒီထောက်ပံ့မှုထဲမှာ သင်ထောက်ကူပစ္စည်း၊ ကျောင်းအသုံးစရိတ်၊ ဆရာ၊ဆရာမလစာ စတဲ့ ခေါင်းစဉ်တွေပါအကုန်သုံးစွဲနေရတဲ့အတွက် ‌မြေပြင်ပညာရေးကုန်ကျစရိတ်နဲ့ ကွာဟမှုများစွာရှိနေတာကြောင့် ကိုယ်ထူကိုယ်ထလုပ်ဆောင်နေကြရတယ်လို့ သိရပါတယ်။

မြိုင်မြို့နယ်ပညာရေးဘုတ်အဖွဲ့ အနေနဲ့ကတော့ ဆရာ၊ဆရာမတဦးကို တလ ကျပ်တသိန်းနှုန်းပေးနိုင်ရေး စီစဉ်ဆောင်ရွက်လိုသော်လည်း သင်ကြားရေးဝန်ထမ်းအင်အားမှာ ၃၅၀၀နီးပါးရှိတဲ့အတွက် လစဉ် ကျပ်သိန်း ၃၅၀၀ ဝင်ငွေရရှိနိုင်မှသာ ထောက်ပံ့ပေးနိုင်မှာဖြစ်လို့ လက်ရှိအချိန်ထိ အကောင်အထည်ဖော်ဖို့ခက်ခဲနေတယ်လို့ ဆိုပါတယ်။

တော်လှန်ရေးကာလမှာ တိုက်ခိုက်ရေးပိုင်းကအရေးကြီးသလို မြေပြင်မှာကြားကာလပညာရေးကျောင်းတွေဖွင့်လှစ်နိုင်တာဟာ လူထုကိုစည်းရုံးနိုင်တာဖြစ်ပြီး စာသင်ကျောင်းတွေဟာ တော်လှန်ရေးစိတ်တွေကို နိုးကြားအောင်လုပ်နိုင်သလို တော်လှန်ရေးမှာအရေးကြီးတဲ့အခန်းကဏ္ဍဖြစ်လို့ အလေးထားဝိုင်းဝန်းကူညီကြဖို့ မြိုင်မြို့နယ်ပညာရေးဘုတ်အဖွဲ့က ပြောပါတယ်။

“ကျောင်းဖွင့်တဲ့နေရာနဲ့ မဖွင့်တဲ့နေရာ တော်လှန်ရေးပါဝင်မှုနှုန်းက ကွာခြားတယ်။ တချို့ ဒလန်လုပ်ချင်တဲ့သူတွေတောင် သူတို့သား၊သမီး ကျောင်းတက်နေတော့ မလုပ်ကြတော့ဘူး။ အားလျော့နေတဲ့သူတွေဆိုလည်း ကလေးတွေကျောင်းသွားနေတာမြင်တော့ သူတို့အတွက် ဆက်အားတင်းထားဖို့လိုတယ်ဆိုပြီး စိတ်ဓာတ်ပြန်တက်လာကြတယ်” လို့ ပြောပါတယ်။

မြိုင်မြို့နယ်မှာ စစ်အာဏာမသိမ်းမီက အစိုးရစာသင်ကျောင်းပေါင်း ၂၆၅ကျောင်းရှိခဲ့ပြီး အခုလက်ရှိမှာတော့ စစ်ကောင်စီစာသင်ကျောင်း ၂ ကျောင်းသာဖွင့်ထားနိုင်ကာ NUG ပညာရေးဝန်ကြီးဌာန လမ်းညွှန်ချက်နဲ့ဖွင့်လှစ်နိုင်တဲ့ ကြားကာလစာသင်ကျောင်းကတော့ ၂၂၂ကျောင်းထိ ရှိနေတာလည်း ဖြစ်ပါတယ်။

 ပုံစာ - မြိုင်မြို့နယ်ကြားကာလပညာရေးကျောင်းတွေမှာ ပညာသင်ကြားပေးနေနိုင်မှု မှတ်တမ်းများ( ပုံဟောင်း)။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#မကွေး #မြိုင် #ကြားကာလ #ပညာရေးကျောင်း #CDM #ထောက်ပံ့မှုနည်းပါး #ရပ်တည်ဖို့ခက်ခဲ #NUG

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10