မြိုင်နယ်အတွင်း စစ်ကြောင်းထိုးလို့ မိုးရေထဲထွက်ပြေးနေရတဲ့ဒေသခံ ၄၀၀၀ ကျော်ကို MVRF ကယ်ထုတ်ခဲ့ရ

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းကကျေးရွာတွေကို မေလ ၁၃ ရက် ဒီကနေ့ မနက် ၆ နာရီလောက်မှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်လာလို့ ဒေသခံ ၄၀၀၀ ကျော် နေရပ်စွန့်ခွာထွက်ပြေးနေရတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်စစ်ကြောင်းထိုးမှာကို ကြိုတင်သတင်းရရှိထားတဲ့အတွက် PDF တွေဘက်က ကင်းပုန်းဝပ်၊ ကာပစ်ပေးကာ ဒေသခံတွေကိုဘေးလွတ်ရာ ကယ်ထုတ်ပေးနိုင်ခဲ့တာလို့ ပခုက္ကူခရိုင် PDF အမှတ် ၆ တပ်ရင်း MVRF ဥက္ကဌ ဦးအောင်ဇေယျက မြေလတ်အသံကို ပြောပါတယ်။


“ကံကြီးတောကိုစစ်ကြောင်းထိုးမှာ သတင်းကြိုရလို့ ပြည်သူ့ကာကွယ်ရေးတပ်တွေက ကြိုတင်စောင့်ဆိုင်းတဲ့အချိန် ထိတွေ့မှုဖြစ်တယ်။ အဲ့ဒီနောက်မှာ စကစတပ်တွေက ဆက်လက်စစ်ကြောင်းထိုးလာလို့ ရွာသူရွာသားတွေကို ဘေးလွတ်ရာကို ပို့ဆောင်နိုင်ခဲ့တယ်” လို့ ပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်းဟာ ကံကြီးတောအရှေ့ရွာကို အင်အား ၁၀၀ ဝန်းကျင်နဲ့ ဝင်ရောက်လာလို့ ကံကြီးတောအရှေ့ရွာနဲ့ အနောက်ရွာအပါအဝင် ထက်ဘုန်းတောရွာ ၊ မင်းသကျတောင်ရွာ၊ မြောက်ရွာနဲ့ ကျောက်ကုန်းရွာတွေက ဒေသခံတွေထွက်ပြေးနေရတာလို့ ဆိုပါတယ်။

မြိုင်မြို့နယ်အတွင်းမှာ မုန်တိုင်းအရှိန်ကြောင့် မေလ ၁၂ ရက် မနေ့ကစလို့ မိုးရွာသွန်းနေတာဖြစ်ပြီး စစ်ကြောင်းဝင်လာရင် ဖမ်းဆီးသတ်ဖြတ်ခံရမှာကြောက်တာကြောင့် ဒေသခံတွေက နီးစပ်ရာကျေးရွာတွေနဲ့ တောတောင်တွေထဲကို မိုးရေထဲမှာ ထွက်ပြေးတိမ်းရှောင်နေတာပါ။

လက်ရှိမှာ စစ်ကောင်စီတပ်ဖွဲ့တွေဟာ ကံကြီးတောရွာထဲမှာကျန်ရှိနေတဲ့ ဒေသခံတွေရဲ့ ကား၊ ဆိုင်ကယ်တွေနဲ့ အိမ်မွေးတိရိစ္ဆာန်တွေကို ယူဆောင်ပြီး ရွာဘုန်းကြီးကျောင်းအတွင်း တပ်စွဲနေထိုင်ကာ မြိုင်မြို့ကို ပို့ဖို့လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

“ **တွေ မြိုင်မြောက်ပိုင်းကို စစ်ကြောင်းမထိုးတာ ၂ နှစ်လောက်ရှိပြီ ။ ဒါသူတို့ပထမဦးဆုံးထွက်တာ။ မြိုင်နဲ့ တမိုင်ပတ်ချာလည်လောက်မှာရှိတဲ့ရွာတွေကို ကာကွယ်ရေးတပ်ဖွဲ့တွေက စိုးမိုးထားတာ” လို့ ဒေသခံတဦးက ပြောပါတယ်။

မေလ ၆ ရက်နေ့ကလည်း မြိုင်မြို့နယ်အရှေ့ပိုင်းမှာရှိတဲ့ စဘေရွာကို စစ်ကောင်စီစစ်ကြောင်း ရုတ်တရက်ဝင်ရောက်လာပြီး ဒေသခံပြည်သူ ၈၀ နီးပါးကို ကျေးရွာထဲမှာ ဓားစားခံအဖြစ် ဖမ်းဆီးခေါ်ဆောင်ထားခဲ့တယ်လို့ နွေဦးတော်လှန်ရေးမြိုင်မြို့က ထုတ်ပြန်ထားပါတယ်။
တည်းဖြတ်- ဇို
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10