မြိုင်နဲ့ ပခုက္ကူအစပ်က ကျေးရွာကို လေယာဉ်ဗုံးကြဲလို့ ကလေးငယ် ၁ ဦး၊ အမျိုးသမီး ၃ ဦးသေဆုံး

မကွေးတိုင်း၊ မြိုင်မြို့နယ်နဲ့ ပခုက္ကူနယ်အစပ်မှာရှိတဲ့ ကံမြင့်ကုန်းရွာကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲလို့ ကလေးငယ် ၁ ဦးအပါအဝင် ပြည်သူ ၄ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဇွန်လ ၄ ရက် ဒီကနေ့ မနက် ၉နာရီကျော်မှာ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်ခဲ့တာဖြစ်ပြီး ကျေးရွာဘုန်းကြီးကျောင်းအနီးက နေအိမ် ၂ လုံးပေါ်ကို ကျရောက်ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။

“ တယောက်ဆိုလို့ရှိရင် ခြေထောက် ၂ဖက် လက်၂ဖက်နဲ့ ခေါင်းကို မရှိတော့ဘူး၊ ခန္ဓာကိုယ်ကြီးနဲ့ ဆံပင်ပဲ ကျန်ခဲ့တော့တာ။ နောက်တယောက်ကျ ပေါင် ၅၀၀ ချတော့လေ လွင့်ပြီးတော့ ဘုန်းကြီး ကျောင်းဘေးက ဇရပ်ပေါ်ကို အလောင်းသွားတင်နေတာ၊ သူလည်း လက်တွေမရှိတော့ဘူး၊ မျက်နှာလည်း မသဲကွဲတော့ဘူး၊ ဗိုက်ကြီးကလည်းပွင့်၊ ခြေထောက်တွေလည်း ပြတ်နေတော့တာ” လို့ အလောင်းကောက်ယူပေးခဲ့တဲ့ ပခုက္ကူဒေသခံတဦးက ပြောပါတယ်။

လေကြောင်းဗုံးကျဲခံရလို့ အသက် ၄ နှစ်ဝန်းကျင် ယောက်ျားလေး ၁ ဦးနဲ့ အသက် ၆၀ ကျော် အဖွား ၁ ဦး၊ အမျိုးသမီး ၂ ဦး ပွဲချင်းပြီးသေဆုံးခဲ့ကာ အလောင်းတွေက ပျက်စီးနေတဲ့အတွက် အဝတ်အစားကိုကြည့်ကာခွဲခြားခဲ့ရပြီး ဒီကနေ့ ညနေ ၄ နာရီမှာ မြေမြှုပ်သဂြိုလ်ခဲ့တယ်လို့ ဆိုပါတယ်။

သေဆုံးသူတွေကို သင်္ဂြိုဟ်ဖို့ပြုလုပ်နေစဥ်မှာလည်း ကံတော်ရွာကနေ ကံမြင့်ကုန်းသုဿန်ဘက်ကို လက်နက်ကြီးတွေနဲ့ပစ်ခတ်လို့ သုဿန်အနီးကို လက်နက်ကြီးဗုံးသီး ၂ လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး သင်္ဂြိုဟ်ဖို့ အခက်ခဲကြုံခဲ့ရတယ်လို့ ဒေသခံနောက်တဦးက ပြောပါတယ်။

လက်ရှိမှာ ကံမြင့်ကုန်းရွာနဲ့အနီးတဝိုက်က ကျေးရွာနေပြည်သူတွေ စစ်ရှောင်တိမ်းနေရပြီး အရေးပေါ် အကူအညီတွေလည်းလိုအပ်နေတယ်လို့ သိရပါတယ်။

ဇွန်လ ၃ ရက် မနေ့ကလည်း မင်းကင်းမြို့နယ်၊မတောရွာကို လေကြောင်းနဲ့ ဗုံးကျဲခဲ့တာကြောင့်  ကလေး ၈ ဦးအပါအဝင် ပြည်သူ ၃၀ သေဆုံးခဲ့ပါတယ်။

စာတည်း- ဟိန်းစံ၊ တည်းဖြတ်-HP

#မြေလတ်အသံ

#လေယာဥ်ဗုံးကြဲ #ကံမြင့်ကုန်းရွာ #မြိုင် #ပခုက္ကူ #သတင်း #အညာ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10