သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း ပြုလုပ်နေကြတဲ့ လောင်းကစားဝိုင်းတွေကို ကာကွယ်ရေးတပ်ဖွဲ့တွေ ကိုယ်တိုင် အုံလိုက်ကျင်းလိုက် ဝင်ရောက်ဖမ်းဆီးမယ်လို့ မြိုင်မြို့နယ်ပကဖက ဒီဇင်ဘာ ၁၀ ရက်က ထုတ်ပြန်ပါတယ်။
မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ စိုးမိုးနယ်မြေအတွင်း ပွားများလာတဲ့ လောင်းကစားဝိုင်းတွေ ပပျောက်သွားစေရန် ရည်ရွယ်ပြီး ထုတ်ပြန်တာဖြစ်တယ်လို့ မြို့နယ်ပကဖတာဝန်ရှိသူတဦးက ပြောပါတယ်။
မြို့နယ်အတွင်း ဘယ်လောင်းကစားနည်းမဆိုပြုလုပ်တာ၊ လောင်းကစားတာ မပြုကြရန် အကြိမ်ကြိမ်တားမြစ် သတိပေးထားပြီးဖြစ်ပေမယ့် တချို့ကျေးရွာတွေမှာ လိုက်နာခြင်းမရှိတာကြောင့် တိုက်နယ်၊ ကျေးရွာအဖွဲ့တွေအနေနဲ့ လောင်းကစားဝိုင်းတွေကို စုံစမ်းမှတ်တမ်းတင်ထားပြီးပါက ဒေသကာကွယ်ရေးအဖွဲ့တွေနဲ့ အုံလိုက်ကျင်းလိုက် စုဖွဲ့ဝင်ရောက်ဖမ်းဆီးမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ကျူးလွန်သူတွေကိုလည်း ပထမအကြိမ် ဝန်ခံကတိ၊ ဒုတိယအကြိမ် အချုပ်နဲ့ ငွေဒဏ်၊ တတိယအကြိမ် အခြား ဝေးလံခေါင်းပါးတဲ့ လက်နက်ကိုင်အဖွဲ့တွေထံ ပို့ဆောင်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဆက်လက်ဖော်ပြထားပါတယ်။
“မြို့နယ်တွင်းမှာ လောင်းကစားပြုလုပ်မှုတွေကြောင့် စီးပွားရေးပျက်တယ်၊ ဆင်းရဲမွဲတေမှုတွေ ဖြစ်တယ်။ ခိုက်ရန်ဖြစ်ကြတယ်၊ သတ်ဖြတ်လုယက်မှုတွေလည်း ဖြစ်လာနိုင်တယ်။ အဲ့လိုဆိုးကျိုးတွေ မဖြစ်လာဖို့အတွက် ဖမ်းဆီးအရေးယူမှုတွေ လုပ်ဆောင်သွားမယ်။” လို့ မြိုင်မြို့နယ်ပကဖတာဝန်ရှိသူတဦးက ပြောပါတယ်။
မြိုင်မြို့နယ်အတွင်း လောင်းကစားပပျောက်ရေးနဲ့ပတ်သက်ပြီး ဒီဇင်ဘာ ၁၀ ရက်မှာ မြိုင်ပကဖက ထုတ်ပြန် ချက် ၂ စောင်ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီထုတ်ပြန်ကြေညာချက်ထဲမှာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကိုယ်တိုင်လည်း လောင်းကစားအမှုတွေမှာ ပါဝင်ပတ်သက်တာမျိုး မလုပ်ကြရန် ဖော်ပြထားပါတယ်။
မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်ကောင်စီစစ်ကြောင်းတွေမရှိဘဲ ဒေသခံတွေ လွတ်လပ်လာတဲ့အတွက် တချို့ ဒေသခံတွေဟာ လောင်းကစားလုပ်တာတွေကို တွင်တွင်ကျယ်ကျယ်လုပ်လာပြီး နောက်ဆက်တွဲအနေနဲ့ ဒေသခံတွေ ပစ္စည်းပျောက်တာမျိုး ကြုံလာရတဲ့အတွက် ဖုန်းဆက်တိုင်ကြားတာမျိုးတွေရှိလို့ အခုလို စာထုတ်တားဆီးရတာ ဖြစ်တယ်လို့ မြိုင်မြို့နယ်ပကဖတာဝန်ခံတဦးက ပြောပါတယ်။
“လောင်းကစားလုပ်ပြီး ဆုံးရှုံးရင် ဆိုင်ကယ်လုမှုတွေ၊ ဓားပြတိုက်မှုတွေ ဖြစ်လာမှာစိုးလို့ ကျနော်တို့ စာတွေ ထုတ်ပြီး ကြိုတင်ကာကွယ်ထားတဲ့သဘောပါ။” လို့ သူက ဆက်ရှင်းပြပါတယ်။
မြိုင်မြို့နယ်အတွင်းပြုလုပ်နေတဲ့ ကြက်ဝိုင်း၊ ဖဲဝိုင်းတွေဟာ အပျော်အပါးထက် ငွေကြေးပမာဏများစွာနဲ့ ပြုလုပ်နေကြတာဖြစ်တယ်လို့ သိရပါတယ်။
ပုံစာ - မကွေးတိုင်းအတွင်းမှ ကြက်ဝိုင်း(လောင်းကစားဝိုင်း)တခုအား တွေ့ရစဉ်။ (ပုံဟောင်း)
သတင်း - ဒိန်းဂျား၊ ဟယ်သာ၊ စာတည်း - JCG
#မြေလတ်အသံ
#မကွေးတိုင်း #မြိုင်မြို့ #လောင်းကစား #ပကဖ #ကြေညာချက်
Share Share Share