သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့တွေ စစ်ကြောင်းထိုးနေတာကြောင့် ကျေးရွာတွေကနေ ဘေးလွတ်ရာကို စစ်ရှောင်နေရတဲ့ပြည်သူ ၃,၀၀၀ ကျော်ဟာ စားနပ်ရိက္ခာအခက်အခဲတွေ ရှိလာနေတယ်လို့ သိရပါတယ်။
မြိုင်မြို့နယ်ရှိ ပျူစောထီးအားကောင်းတဲ့ ကန်နီရွာကို ရောက်ရှိနေတဲ့ ပခုက္ကူဘက်ထွက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းနဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာလက သရက်ကွကျေးရွာ စခန်းသိမ်းတိုက်ပွဲအပြီး ရောက်နေတဲ့စစ်ကြောင်းကြောင့် အနီးအနားက ရွာတွေ စစ်ဘေးရှောင်နေရတာ တလခန့်ကြာမြင့်လာကာ စားသောက်ရေးအတွက် အခက်အခဲဖြစ်နေရတယ်လို့ စစ်ရှောင် ကူညီပေးနေသူတဦးက ဆိုပါတယ်။
စစ်ရှောင်ကျေးရွာအများစုဟာ မြိုင်မြို့နဲ့ ကန်နီကြားကရွာတွေနဲ့ ကနီကျေးရွာ အနီးဝန်းကျင်က ကျေးရွာတွေဖြစ်တယ်လို့ သူက ဆိုပါတယ်။
လက်ရှိ မြိုင်မြို့နယ်အတွင်းမှာ စစ်ရှောင်နေရတဲ့ ပြည်သူ ၁၀,၀၀၀ ကျော်ရှိပြီး အဲဒီအထဲက ကျေးရွာပေါင်း ၂၅ ရွာက စစ်ရှောင်ပြည်သူ ၃,၀၀၀ ကျော်ဟာ ပိုမိုခက်ခဲနေတာဖြစ်တယ်လို့ စစ်ရှောင်ပြည်သူတွေကို ကူညီပေးနေသူတဦးက ဆိုပါတယ်။
“သရက်ကွသိမ်းပြီး ကတည်းက စစ်ကြောင်းတကြောင်းဝင်လာတော့ မြိုင်နဲ့နီးကပ်တဲ့ ရွာတွေက အခုထိ မပြန်ကြရသေးတာ” လို့ စစ်ရှောင်ပြည်သူတွေကို ကူညီပေးနေသူတဦးက ဆိုပါတယ်။
ပခုက္ကူမြို့၊ တပ်မ ၁၀၁ မှ ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ မြိုင်မြို့ထဲကနေ ဇန်နဝါရီ ၁၃ ရက်မှာ ကန်နီရွာဘက်ကို ဆက်လက်ထွက်ခွာလာပြီး လမ်းတလျှောက် ကျေးရွာတွေက နေအိမ်တွေကို မီးရှို့တာ၊ ပစ္စည်းခိုးယူတာ၊ ဖျက်ဆီးတာတွေ လုပ်ခဲ့ပါတယ်။
ကျေးရွာတွေက တချို့ဒေသခံတွေဟာ မြိုင်မြို့ထဲ စစ်ကြောင်းရောက်လာကတည်းက ကြိုတင်တိမ်းရှောင်ထားကြတာဖြစ်တဲ့အတွက် အဝတ်အစားနဲ့ ခြုံစောင်အခက်အခဲ မရှိဘဲ ရိက္ခာ အခက်အခဲသာရှိတယ်လို့ သိရပါတယ်။
“စစ်ရှောင်ရက်တွေ ရှည်လွန်းတဲ့နေရာတွေမှာ စားရေး၊ သောက်ရေးခက်လာတာပေါ့။ ကျနော်တို့လည်း ပို့တယ်။ ဒါပေမဲ့ လူဦးရေကတိုးတိုးလာတော့ အဆင်ပြေအောင် မပေးနိုင်တော့တာ” လို့ စစ်ရှောင်ပြည်သူတွေကို ကူညီပေးနေသူတဦးက ဆိုပါတယ်။
အခုလက်ရှိမှာ အွန်လိုင်းက ထောက်ပံ့ကူညီသူတွေနည်းသွားပြီး ဒေသတွင်း အလှူရှင်တချို့ပဲ ရှိတော့တယ်လို့ သိရပါတယ်။
“ဟင်းမရှိတဲ့ရက်တွေဆို ချဥ်ပေါင်ရွက် ဟင်းရည်နဲ့ ငရုတ်သီးထောင်းနဲ့ ပြီးသွားတဲ့ရက်တွေလည်း များတယ်” လို့ စစ်ရှောင်ပြည်သူတွေကို ကူညီပေးနေသူတဦးက ဆိုပါတယ်။
တချို့စစ်ရှောင်နေရာတွေမှာ ရိက္ခာပြတ်မယ့်အခြေအနေနဲ့ပင် ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။
စစ်ရှောင်နေရတဲ့ဒေသခံတွေဟာ စစ်ကြောင်းလွတ်မယ့်ကျေးရွာတွေမှာ တိမ်းရှောင်နေရသလို တောတောင်တွေနဲ့ တောင်ယာလုပ်ကိုင်တဲ့နေရာတွေမှာ တိမ်းရှောင်နေရတာလို့ သိရပါတယ်။
တောတောင်တွေထဲ စစ်ရှောင်နေရတဲ့ပြည်သူတွေကတော့ အစားအသောက်အပြင် နေထိုင်ရေးအတွက်ပါ အဆင်မပြေဖြစ်နေကြတာလို့ စစ်ရှောင်အရေးကူညီပေးသူတဦးက ပြောပါတယ်။
သတင်း - ဟယ်သာ၊ စာတည်း - လင်းဇေ
#မြေလတ်အသံ
#မကွေးတိုင်း #မြိုင်မြို့ #စစ်ကောင်စီ #စစ်ရှောင် #စားနပ်ရိက္ခာ
Share Share Share