မြိုင်မြို့နယ် ဝက်ပုတ်ရွာကို စစ်ကောင်စီက ဝင်ရောက်မီးရှို့

မြိုင်မြို့နယ် ဝက်ပုတ်ရွာကို စစ်ကောင်စီက ဝင်ရောက်မီးရှို့

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ဝက်ပုတ်ကျေးရွာကို စစ်ကောင်စီစစ်ကြောင်းက ဒီဇင်ဘာ ၂၅ ရက် မနက် ၁၀ နာရီမှာ ဝင်ရောက်မီးရှို့ခဲ့တယ်လို့ သိရပါတယ်။ 

မြိုင်စက်မှု ၂ မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့၊ ပခုက္ကူတပ်မ ၁၀၁ မှ စစ်ကောင်စီတပ်ဖွဲ့နဲ့ ပျူစောထီးတွေပူးပေါင်းပြီး ဝက်ပုတ်ကျေးရွာအတွင်း ရုတ်တရက်ဝင်ရောက် မီးရှို့သွားတာဖြစ်တယ်လို့ သိရပါတယ်။ 

အဲဒီဝက်ပုတ်ကျေးရွာဟာ ပျူစောထီးအားကောင်းတဲ့ကျေးရွာဖြစ်ပြီး အခုနှစ် ဩဂုတ်လမှာ တော်လှန်ရေး တပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ပြီး သိမ်းပိုက်ထားခဲ့တဲ့ ကျေးရွာတခုဖြစ်ပါတယ်။  

တော်လှန်ရေးတပ်ဖွဲ့ဝင်တွေအနေနဲ့ ဝက်ပုတ်ကျေးရွာအနီးက သရက်ကွရွာတိုက်ပွဲမှာ ကျဆုံးသွားတဲ့ ရဲဘော် တွေရဲ့ နာရေးရက်လည်ကို အာရုံစိုက်လုပ်နေတဲ့အချိန်မှာ အလစ်အငိုက်ဝင်ရောက်တိုက်ခံလိုက်ရတာဖြစ်တယ်လို့ ဒေသခံတဦးက ပြောပါတယ်။ 

“ရွာထဲကို ဝင်ပြီး အိမ်တွေ မီးရှို့တယ်၊ ပစ္စည်းတွေယူတယ်။ နွားတွေသတ်ပြီး ရိက္ခာလုပ်တယ်။” လို့ ဒေသခံ တဦးက ပြောပါတယ်။ 

စစ်ကောင်စီရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် ကျေးရွာအတွင်းက လူနေအိမ် ၁၀ လုံးကျော် မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ဝက်ပုတ်ကျေးရွာမှာ ကင်းစောင့်နေတဲ့ တော်လှန်ရေးရဲဘော်တချို့သာရှိပြီး စစ်ကြောင်းဝင်လာတဲ့အချိန်မှာ တိုက်ပွဲဖြစ်ပွားတာမျိုးမရှိဘဲ ဆုတ်ခွာခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့နဲ့ နီးစပ်သူတဦးက ပြောပါတယ်။ 

လက်ရှိမှာ စစ်ကောင်စီရဲ့ စစ်ကြောင်းထိုးတာကြောင့် ဝက်ပုတ်၊ ချောင်းဦးတို၊ အိုင်းမ၊ ကုန်းရွာ၊ ဆိတ်သာ၊ ကျွဲတွင်း၊ ဝါးရင်းချိုင် စတဲ့ရွာက ပြည်သူ ၃,၀၀၀ ကျော် အရေးပေါ်စစ်ရှောင်နေရတယ်လို့ သိရပါတယ်။

ဒီနေ့ ညနေပိုင်းမှာတော့ စစ်ကောင်စီစစ်ကြောင်းဟာ  မြိုင်စက်မှု ၂ ထဲသို့ ပြန်လည်ဝင်ရောက်သွားတယ်လို့ သိရပါတယ်။

သတင်း - ဟယ်သာ၊ စာတည်း - JCG

#မြေလတ်အသံ

#မကွေးတိုင်း #မြိုင်မြို့ #ဝက်ပုတ်ကျေးရွာ #စစ်ကောင်စီစစ်ကြောင်း #မီးရှို့

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10