မြိုင်မြို့ပေါ်က တပ်စွဲထားတဲ့ စီမံကိန်းရုံး၊ ထွေအုပ်ရုံးနဲ့ ရဲစခန်းတို့ကို PDF တိုက်ခိုက်၊ စစ်သား ၁ ဦးသေ

မြိုင်မြို့ပေါ်က တပ်စွဲထားတဲ့ စီမံကိန်းရုံး၊ ထွေအုပ်ရုံးနဲ့ ရဲစခန်းတို့ကို PDF တိုက်ခိုက်၊ စစ်သား ၁ ဦးသေ

မကွေးတိုင်း၊ မြိုင်မြို့ပေါ်မှာ အင်အား ၁၅၀ နဲ့ တပ်စွဲထားတဲ့ စီမံကိန်းရုံး၊ မြို့နယ်ထွေအုပ်ရုံးနဲ့ ရဲစခန်းတို့ကို ဒေသကာကွယ်ရေးတပ်တွေက ၂ ရက်ဆက်တိုက် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁ ဦး သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ် ပကဖ အဖွဲ့ဆီက သိရပါတယ်။

ဒီဇင်ဘာ ၁၁ ရက် မနက်ပိုင်း ၁၀ နာရီခွဲဝန်းကျင်မှာ မြိုင်မြို့အဝင်က အင်အား ၄၀ ဝန်းကျင်နဲ့ တပ်စွဲထားတဲ့ စီမံကိန်းရုံးကို ကာကွယ်ရေးတပ်ဖွဲ့တွေက တာဝေးပစ်လက်နက်ကြီးနဲ့ ပစ်တဲ့အပြင် ရိုင်ဖယ်တွေနဲ့ပစ်ခဲ့ပြီး ညပိုင်း ၈ နာရီခွဲမှာ မြိုင်မြို့မြောက်ဘက်အထွက်က စစ်ကောင်စီတပ်စွဲထားတဲ့ မန္တလေးဂိတ်ကိုလည်း လက်နက်ကြီးနဲ့ ထပ်မံပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။ 

ဒီဇင်ဘာ ၁၂ ရက် နေ့လယ် ၁ နာရီလောက်မှာ မြိုင်မြို့ပေါ်က အထွေထွေအုပ်ချုပ်ရေးမှူးရုံးနဲ့ ရဲစခန်းတွေထဲက ဘန်ကာတွေကိုလည်း ‌ဒရုန်းနဲ့ ဗုံးကြဲချတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“ချထားတာက တပ်မ ၁၀၁ က စစ်သားတွေပါ။  ထိခိုက်သေဆုံးမှုက ၁ ယောက်သေတယ်။ အဲ့ဒီ ၁ ယောက်က မြိုင်ဆေးရုံပေါ်မှာ သေသွားတယ်” လို့  ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ် ပကဖ ရဲဘော်တဦးက ပြောပါတယ်။ 

ဒီဇင်ဘာ ၁၂ ရက် နေ့လယ် ၁ နာရီလောက်မှာ အထွေအုပ်ရုံးနဲ့ ရဲစခန်းတွေထဲက ဘန်ကာတွေကို ‌၄ လက်၊ ၆ လက် ဒရုန်းတွေနဲ့ အီနာဂါဗုံး ၁၂ လုံးကြဲချခဲ့တယ်လို့ သူက ဆိုပါတယ်။

မြိုင်မြို့ပေါ်မှာ စစ်ကောင်စီက ဌာနဆိုင်ရာနေရာ ၄ ခုလောက်မှာ တပ်စွဲထားပြီး စုစုပေါင်း အင်အား ၁၅၀ ဝန်းကျင်ရှိတယ်လို့ ပြောပါတယ်။

ဒရုန်းနဲ့ အီနာဂါဗုံးသီးကြဲချရာမှာ ထိခိုက်ဒဏ်ရာရတာတွေများခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ်ပကဖ ရဲဘော်တဦးက ဆိုပါတယ်။ 

ထို ၂ ရက်တာတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ် ပကဖ၊ မြို့နယ်ပကဖ တပ်ရင်း ၁၊ တပ်ရင်း ၂ ၊ ဗိုလ်လင်းမြွေအဖွဲ့ ၊ မြိုင် Drone တပ်ဖွဲ့ နှင့် Myàing UAV Fighter တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၁၁ ရက်ကလည်း ပခုက္ကူတပ်မ ၁၀၁ ကထွက်လာတဲ့ ကား ၃ စီးနဲ့ လုံခြုံရေးလိုက်ပါလာတဲ့ စစ်သားနဲ့ ပျူစောထီးတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ် ပကဖ အဖွဲ့က မိုင်းဆွဲတဲ့အပြင် ဒရုန်းနဲ့ ဗုံးကြဲတိုက် ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေပြီး ၈ ဦးဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#မကွေးတိုင်း #မြိုင်မြို့ #စီမံကိန်းရုံး #မြို့နယ်ထွေအုပ်ရုံး #ရဲစခန်း #ဒရုန်း  #ပကဖ #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10