မြိုင်မြို့ပေါ်က စစ်အုပ်စုတပ်စွဲတဲ့နေရာ ၂ ခုကို ဒရုန်းနဲ့ဗုံးကြဲ

မြိုင်မြို့ပေါ်က စစ်အုပ်စုတပ်စွဲတဲ့နေရာ ၂ ခုကို ဒရုန်းနဲ့ဗုံးကြဲ

မကွေးတိုင်း၊ မြိုင်မြို့ရှိ စစ်ကောင်စီတပ်သားတွေ တပ်စွဲနေတဲ့နေရာ ၂ ခုကို ဒီဇင်ဘာ ၂၉ ရက် မနေ့ကတရက်တည်းမှာ ဒေသခံကာကွယ်ရေးတပ်တွေက ဒရုန်းအသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ Myaing U.A.V Fighter အဖွဲ့ဆီက သိရပါတယ်။

မြိုင်မြို့ပေါ်ရှိ အင်အား ၇၀ ဝန်းကျင်နဲ့တပ်စွဲနေတဲ့ ထွေအုပ်ရုံးနဲ့ မြို့အထွက်ရှိ စစ်ကောင်စီဂိတ်ကို မနေ့ကညနေ ၅ နာရီကနေ ၈ နာရီအတွင်း တိုက်ခိုက်ခဲ့ကြတာလို့ ဆိုပါတယ်။ 

“ဂိတ်မှာ (စစ်သား)အင်အား ၂၀ ရှိပြီး အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှာက ၅၀ ဝန်းကျင်ရှိတယ်၊ အထိအခိုက်ကတော့ များတယ်။ အသေအဆုံးကတော့ တိတိကျကျသတင်းမရသေးဘူး၊ ရုံးထဲမှာလည်း ပျက်စီးတယ်” လို့ Myaing U.A.V Fighter ကြီးကြပ်ရေးမှူးက ပြောပါတယ်။

ကာကွယ်ရေးတပ်တွေဘက်က အထက်ပါ ၂ နေရာကို ဒရုန်းအသုံးပြုပြီး 1kg အီနာဂါဗုံးသီး ၂၄ လုံးကြဲချခဲ့တာဖြစ်ပြီး ထွေအုပ်ရုံးဝန်းအတွင်း ပျက်စီးမှုရှိခဲ့ကာ စစ်သားထိခိုက်သေဆုံးမှုကို အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။ 

အဲ့ဒီစစ်ကောင်စီတပ်သားတွေဟာ ပခုက္ကူအခြေစိုက် တမခ ၁၀၁ ကဖြစ်ပြီး၊ တိုက်ခိုက်ခံရပြီးနောက်မှ ပြန်လည်ပစ်ခတ်တာတွေ လုပ်ခဲ့တယ်လို့ Myaing U.A.V Fighter ကြီးကြပ်ရေးမှူးက ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို Myaing U.A.V Fighter၊ မြိုင်ပကဖ တပ်ရင်း ၁၊ တပ်ရင်း၂ တပ်ခွဲ ၄နဲ့ ဗိုလ်မြွေဆိုးအဖွဲ့ မြိုင်ပကဖ Doneတပ်ဖွဲ့ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့တာပါ။ 

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၃ ရက်ကလည်း မြိုင်မြို့နယ်၊ လင်းကတောရွာမှာရှိတဲ့ စစ်အုပ်စုကို Myaing U.A.V Fighter အဖွဲ့က ဒရုန်းနဲ့ ဗုံးကြဲချခဲ့ရာ စစ်သား ၅ ဦးသေပြီး ၂ ဦးဒဏ်ရာရတယ်လို့ သိရပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #မြိုင် #စစ်ကောင်စီ #တိုက်ခိုက်ခံရ #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10