မြိုင်မြို့ ရှိ ဘုန်းကြီးကျောင်းထဲ လက်နက်ကြီးကျပြီး ကလေးနဲ့ ကိုရင် ၃ ပါးအပါ ၅ ဦးဒဏ်ရာရ

မြိုင်မြို့ ရှိ ဘုန်းကြီးကျောင်းထဲ လက်နက်ကြီးကျပြီး ကလေးနဲ့ ကိုရင် ၃ ပါးအပါ ၅ ဦးဒဏ်ရာရ

မကွေးတိုင်း၊ မြိုင်မြို့ရှိ သီရိမင်္ဂလာဘုန်းကြီးကျောင်းဝန်းထဲကို ဇန်နဝါရီ ၁၃ ရက် ဒီနေ့မနက် ၉ နာရီခွဲအချိန်က လက်နက်ကြီးကျရောက်ပေါက်ကွဲတာကြောင့် အသက် ၁၁ နှစ်အရွယ် ကလေး ၁ ဦး၊ ကိုရင် ၃ ပါး နဲ့ အသက် ၇၀ အရွယ် အမျိုးသား ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။ 

အသက် ၁၁ နှစ်အရွယ်ကလေးရဲ့ ခါးတဝိုက် ထိခိုက်မှုများပြီး ကျန် ၄ ဦးကတော့ ပွန်းပဲ့ဒဏ်ရာအနည်းငယ်ရခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ 

သီရိမင်္ဂလာဘုန်းကြီးကျောင်းဝန်းထဲမှာ လပြည့်နေ့ဖြစ်တဲ့အတွက် ဥပုသ်စောင့်ကြတဲ့ မြို့ခံတချို့နဲ့ အရင်က တည်းက နေအိမ်မီးရှို့ခံရလို့ လာရောက်ခိုလှုံသူတချို့လည်း ရှိနေကြတယ်လို့ သိရပါတယ်။ 

ပခုက္ကူ တပ်မ ၁၀၁ မှထွက်ခွာလာတဲ့ စစ်ကောင်စီရဲ့ ရိက္ခာပို့စစ်ကြောင်းဟာ ဇန်နဝါရီ ၁၀ ရက်မှာ မြိုင်မြို့ထဲကို ရောက်ခဲ့တာဖြစ်ပြီး ဒီနေ့ ဇန်နဝါရီ ၁၃ ရက် မနက်ပိုင်းမှာ ပျူစောထီးအားကောင်းတဲ့ ကန်နီရွာဘက်ကို စစ်ကြောင်း ၂ ကြောင်းခွဲကာ ထွက်ခွာသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ 

အဲဒီစစ်ကြောင်း မြိုင်မြို့ထဲကိုဝင်ရောက်လာတဲ့အချိန်ကလည်း လက်နက်ကြီးနဲ့ သေနတ်ပစ်ခတ်မှုတွေ လုပ်ခဲ့ သလို ပြန်ထွက်ခွာသွားတဲ့အချိန်မှာလည်း ပစ်ခတ်မှုတွေပြုလုပ်ပြီး ထွက်ခွာသွားတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

ဇန်နဝါရီ ၅ ရက်ကတည်းက ပခုက္ကူမြို့ကနေ ထွက်လာခဲ့တဲ့ အဲဒီစစ်ကြောင်းဟာ ပြီးခဲ့တဲ့ဇန်နဝါရီ ၇ ရက်က စစ်ကြောင်းထိုးလာရာ ပခုက္ကူ-မြိုင် လမ်းပိုင်းမှာလည်း တော်လှန်ရေးတပ်ဖွဲ့ဝင်တွေနဲ့ ထိတွေ့တိုက်ပွဲတွေဖြစ်ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေရှိခဲ့ပါတယ်။ 

အဲဒီ စစ်ကြောင်းထိုးလာစဉ် ပခုက္ကူ-မြိုင်လမ်းတလျှောက်ရှိ ကျေးရွာတွေကဒေသခံတွေဟာ ဘေးကင်းရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ ဒေသခံတဦးကဆိုသည်။

“သူတို့တွေ မြို့ထဲဝင်သွားတာသေချာပြီဆိုတော့ ရှောင်နေတဲ့လူတွေက ရွာထဲခဏတဖြုတ်ဝင်ပြီး ယူစရာရှိတဲ့ ပစ္စည်းတွေယူပြီး တခြားနေရာပြန်ရှောင်နေတာပေါ့။” လို့ သူက ဆက်ပြောပါတယ်။ 

တချို့ကျေးရွာတွေက ဒေသခံတချို့ကတော့ ကျေးရွာတွေထဲမှာ ပြန်လည်ဝင်ရောက်နေထိုင်ကြပြီလို့ ဆိုပါတယ်။

မြိုင်မြို့နယ်ထဲ ဝင်လာတဲ့ စစ်ကြောင်းဟာ မြိုင်မြို့နယ်ရဲစခန်းအနီးက မင်းကျောင်းဘုန်းကြီးကျောင်းအတွင်း ဝင်ရောက်ခဲ့ကြသလို အထက ၁ ၊ အထက ၂ ကျောင်းဝန်းထဲမှာလည်း ညအိပ်ခဲ့ကြပါတယ်။ 

မြို့ထဲကို စစ်ကောင်စီစစ်ကြောင်းဝင်လာတဲ့အတွက် ပြည်သူတွေဟာ အိမ်ထဲကနေ အိမ်ပြင်မထွက်ရဲကြဘဲ ဗုံးခိုကျင်းတူးထားတဲ့လူတွေက ညဘက်တွေမှာ ဗုံးခိုကျင်းထဲမှာပဲ အိပ်ခဲ့ကြရတယ်လို့ သိရပါတယ်။ 

ဗုံးခိုကျင်းမတူးထားသေးတဲ့သူတွေကလည်း ပစ်ခတ်သံတွေကြားရတဲ့အခါ ဘေးကင်းရာကို ပုန်းခိုခဲ့ကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီစစ်ကောင်စီစစ်ကြောင်းဟာ မြိုင်မြို့ထဲကို ဝင်ရောက်တဲ့အခါ လက်နက်ကြီးပစ်ခတ်တာ၊ သေနတ်ပစ်ဖောက်တာတွေကို မကြာခဏပြုလုပ်ခဲ့ကြပါတယ်။ 

ပုံစာ- ပခုက္ကူ တပ်မ ၁၀၁ မှ ထွက်ခွာလာတဲ့ စစ်ကောင်စီ ရိက္ခာပို့စစ်ကြောင်းကို PDF တွေ တိုက်ခိုက်ခဲ့စဉ်။

သတင်း - ဟယ်သာ၊ စာတည်း - လင်းဇေ

#မြေလတ်အသံ

#မကွေးတိုင်း #မြိုင်မြို့ #သီရိမင်္ဂလာဘုန်းကြီးကျောင်း #လက်နက်ကြီး #ကိုရင် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10