မြိုင်မှာ စစ်ကောင်စီက ဗုံးကြဲလို့ ရွာ ၈ရွာက ပြည်သူ ၃ထောင်ခန့် ထွက်ပြေးတိမ်းရှောင်နေရ (ရုပ်/သံ)

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းက ကျေးရွာတွေကို စစ်ကောင်စီက လေကြောင်းကနေ ဂျက်ဖိုက်တာသုံးပြီး ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ရွာ ၈ရွာက ပြည်သူ ၃ ထောင်ခန့် ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

စက်တင်ဘာ ၂၃ ရက် မနက်အစောပိုင်း ၂ နာရီလောက်မှာ  မြိုင်မြို့နဲ့ မိတာ ၈၀၀ အကွာလောက်မှာရှိတဲ့ အင်းရောင်းရွာနဲ့ ထန်းငယ်တောရွာက အရိုးတော်ပုံဘုရားနားကို  ဂျက်ဖိုက်တာနဲ့ 

ပေါင် ၃၀၀ ဗုံးတလုံး ကြဲချပြီးတော့ ကန်ကြီးတောရွာနဲ့ အင်းရောင်းရွာကြားကို ပေါင် ၃၀၀ ဗုံး ၂ လုံးကြဲချခဲ့တယ်လို့ ပခုက္ကူခရိုင် အမှတ် ၆ တပ်ရင်း MVRF အဖွဲ့ဆီက သိရပါတယ်။ 

ဗုံးကြဲခံရတဲ့ ရွာတွေက ဒေသခံပြည်သူအများစုက ဗုံးကြဲတဲ့အချိန်မှာပဲ ထွက်ပြေးတိမ်းရှောင်ကြပြီး ကျန်နေခဲ့တဲ့ဒေသခံတွေကလည်း စက်တင်ဘာ ၂၃ ရက် နံနက်ပိုင်းမှာတော့ အားလုံးစစ်ရှောင်လာကြတယ်လို့ ထန်းငယ်တောရွာခံ စစ်ရှောင်ပြည်သူတဦးက ပြောပါတယ်။

အဲဒီရွာတွေဟာ စစ်ကောင်စီက စစ်ကြောင်းထိုးတာမျိုးတွေ တိုက်ပွဲဖြစ်တာတွေ မရှိတာကြောင့် ပုံမှန်လုပ်ကိုင်စားသောက်နေကြတာ ၆ လဝန်းကျင်ရှိနေပြီလို့ ဒေသခံတွေက ဆိုကြပါတယ်။ အခုလို လေကြောင်းကနေ ဗုံးလာကြဲတဲ့အတွက် ရွာလေးငါးရွာလောက်က ဒေသခံတွေဟာ စစ်ရှောင်နေကြရတာ ဖြစ်ပါတယ်။

စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ဗုံးလာကြဲတာဟာ တိုက်ပွဲဖြစ်တာမျိုးတွေမရှိဘဲ ကာကွယ်ရေးတပ်ဖွဲ့ တွေရှိတယ်အထင်နဲ့ တံတားဦးလေတပ်ဘက်ကနေ လာရောက် ဗုံးကြဲသွားတာလို့လည်း ပခုက္ကူခရိုင် အမှတ် ၆ တပ်ရင်း MVRF တပ်ရင်းရုံးအုပ် ရဲဘော်ကိုချစ်က ပြောပါတယ်။

လေကြောင်းတိုက်ခိုက်မှုမှာ ပြည်သူတွေ ထိခိုက်မှုမရှိပေမယ့် လက်ရှိမှာတာ့ ကန်ကြီးတောရွာ၊ ထန်းဘုန်းတောရွာ၊ အင်းရောင်းရွာ၊ စူလီပန်ရွာ၊ ဂွေးပယ်လယ်ရွာ၊ သက္ကယ်ကန်ရွာ၊ သံပုရာခြံရွာ၊ ညောပင်ရွာ၊ သံမြေကျင်းရွာ နဲ့ ဥယျာဉ်မရွာက ပြည်သူတွေဟာ မြို့နဲ့ မလှမ်းမကန်း ဘေးလွတ်ရာတောတွေမှာ စစ်ရှောင်နေကြတာ ဖြစ်ပြီး မြိုင်မြို့နဲ့ နီးနေတာကြောင့် စစ်ရှောင်တွေဆီ သွားရောက်ကူညီဖို့ အခက်အခဲတွေရှိနေတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#မြိုင်မှာ #စစ်ကောင်စီ #ဗုံးကြဲ  #ရွာ၈ရွာ #ပြည်သူ၃ထောင်ခန့် #တိမ်းရှောင် #အကူအညီလိုအပ် #မြေလတ်ရုပ်သံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10