မြိုင်မှာ စစ်ကောင်စီတပ်စွဲထားတဲ့ ရဲစခန်းနဲ့ ပျူစောထီးရွာ ၂ ရွာ PDF တွေက ဗုံးကြဲတိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်ကောင်စီတပ်စွဲထားတဲ့ ရဲစခန်းနဲ့ ကျေးရွာ ၂ ရွာတို့ ကို သြဂုတ် ၂၁၊ ၂၂ ရက်တို့မှာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက မောင်းသူမဲ့လေယာဥ်(RC Plane) ၅ စီးနဲ့ တိုက်ခိုက်ခဲ့တယ်လို့ Super Fighter PDF(ရေစကြို)က ပြောပါတယ်။

သြဂုတ် ၂၁ ရက် နေ့လယ် ၁၂ နာရီမှာ စစ်ကောင်စီတပ်သား ၃၀ ကျော်တပ်စွဲထားတဲ့ မြိုင်မြို့နယ်အတွင်းက တွင်းမကျေးရွာကို အီနာဂါဗုံး ၉ လုံးချ တိုက်ခိုက်ခဲ့သလို သြဂုတ်၂၂ ရက် မနက် ၉ နာရီမှာလည်း စစ်ကောင်စီတပ်သား ၄၀ ကျော်တပ်စွဲနေတဲ့ သရက်ကန်ကျေးရွာကို အီနာဂါဗုံး ၁၂ လုံး ကြဲချတိုက်ခိုက်ပြီးနောက် အဲ့ဒီနေ့ မနက် ၁၁ နာရီမှာ စစ်ကောင်စီတပ်သား ၁၅ ဦးတပ်စွဲနေတဲ့ ကိုင်းတောမရဲစခန်းကိုလည်း အီနာဂါဗုံး ၃ လုံးချတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

တော်လှန်ရေးလက်နက်ကိုင် အင်အားစုတွေကတော့ အဲ့ဒီကျေးရွာ ၂ ရွာဟာ ပျူစောထီးကျေးရွာတွေလို့ သတ်မှတ်ထားကြတာပါ။ 

"တွင်းမပျူရွာကို ၉ လုံးစလုံး ချနိုင်ခဲ့တယ်။ ဖရဲသီးမရှိတော့ ထိခိုက်သေဆုံးမှု မသိရဘူး။ သရက်မှာတော့ စကစတွေနေတဲ့အိမ်တွေ ပျက်စီးသွားတယ်လို့သတင်းရပေမယ့် ထိခိုက်သေဆုံးတာမသိရဘူး။ ရဲစခန်းမှာလည်း အဆောင်တွေပျက်စီးတာရှိတယ်။ ထိခိုက်မှု မသိရသေးဘူး"လို့ Super Fighter PDF(ရေစကြို)တာဝန်ခံ ဗိုလ်ကြီးက ပြောပါတယ်။

တွင်းမကျေးရွာကို တိုက်ခိုက်ချိန်အတွင်း စစ်ကောင်စီဘက်ကလက်နက်ကြီး ၆လုံးနဲ့ ပြန်လည် ပစ်ခတ်ခဲ့သလို သရက်ကန်နဲ့ ကိုင်းတောမရဲစခန်းကတော့ လက်နက်ကြီးတွေ ၊လက်နက်ငယ်တွေနဲ့ ၁၀ မိနစ်ခန့်ကြာ ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ ဗိုလ်ကြီးက ပြောပါတယ်။

ဒီတိုက်ခိုက်မှုကိုတော့ Super Fighter PDF (ရေစကြို)၊ ရေစကြိုမြို့နယ်ပြည်သူ့လုံခြုံရေးတပ်ဖွဲ့၊ ယင်းမာပင်ခရိုင် တပ်ရင်း ၂၈ ဓားမဆိုင်းတပ်မတော်၊ Independence  Army(IA)၊ အလင်းတန်းပြောက်ကျားတပ်ဖွဲ့(မြိုင်)၊ မြိုင်မြို့နယ်ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့  တပ်ခွဲ ၂  တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ဇူလိုင် ၃ ရက် ညနေ ၄နာရီမှာလည်း စစ်ကောင်စီတပ်စွဲနေတဲ့ ဆားလင်းကြီးမြို့မရဲစခန်းနဲ့ ကင်းတဲတခုကို Super Fighter PDFနဲ့ ဓားမဆိုင်းတပ်မတော်(D.M.S.A) ၂ ဖွဲ့က မောင်းသူမဲ့လေယာဥ် ၁ စီးနဲ့ဗုံးသီး ၂ လုံးချ တိုက်ခိုက် ခဲ့ တယ်လို့ သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#မကွေးတိုင်း #မြိုင်မြို့ #စစ်ကောင်စီ #ရဲစခန်း #ပျူစောထီး #အီနာဂါဗုံး #ဒရုန်း #သတင်း #ရုပ်သံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10