မြိုင်မှာ စစ်အုပ်စု မိုင်း ၅ ကြိမ်ဆွဲ တိုက်ခိုက်ခံရ

မြိုင်မှာ စစ်အုပ်စု မိုင်း ၅ ကြိမ်ဆွဲ တိုက်ခိုက်ခံရ

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကိုးဆောင်ဘုန်းကြီးကျောင်းအနီးမှာ စစ်ကောင်စီတပ်သားတွေကို ဒေသခံကာကွယ်ရေးတပ်တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - မြိုင်မြို့နယ်ဆီက သိရပါတယ်။ 

ဒီဇင်ဘာ ၁၀ ရက် ဒီနေ့လယ် ၁၁ နာရီ ၃၅ မိနစ်လောက်မှာ မြိုင်မြို့ကနေထွက်လာတဲ့ စစ်သားအင်အား ၃၀ လောက်နဲ့ ဒေသခံကာကွယ်ရေးတပ်တို့ ထိတွေ့မှုဖြစ်ပြီးနောက် မီတာ ၂၀၀ ကနေ ထပ်မံ မိုင်းဆွဲ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ 

“သူတို့ **ကား ၁ စီးနဲ့ အင်အား ၃၀ လောက်ချတယ်၊ အနီးအနားရွာတွေကို မွှေမယ့်သဘောနဲ့ ဆင်းလာတာ။ ကျနော်တို့အဖွဲ့တွေနဲ့ ပစ်ခတ်မှု မိနစ် ၂၀ အကြာဖြစ်တယ်။ နောက်ထပ် မိုင်းပွိုင့် ၅ ပွိုင့်ဆွဲတယ်၊ ၂ ကောင်သေပြီး ၂ ကောင်ဒဏ်ရာရတယ်” လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - မြိုင်မြို့နယ်တာဝန်ခံ ဗိုလ်လက်ယာက ပြောပါတယ်။

သေဆုံးသူတွေကို မြေပြင်တိုက်ခိုက်ရေးရဲဘော်တွေရဲ့ မျက်မြင်တွေ့ရှိချက်အရ အတည်ပြုနိုင်ခဲ့တာလို့ ဆိုပါတယ်။ 

အဲ့ဒီစစ်သားတွေဟာ ခမရ ၁၀၁၊ ခလရ ၂၅၇ နဲ့ ခလရ ၂၅၈ က စစ်သားတွေဖြစ်ပြီး တိုက်ခိုက်ခံရပြီးနောက် မြိုင်မြို့ပေါ်ကို ပြန်သွားကြတယ်လို့ ဗိုလ်လက်ယာက ပြောပါတယ်။ 

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၆ ရက်ကလည်း မြိင်မြို့နယ် အမှတ် ၃ စာသင်ကျောင်း၊ ဘူတာရုံနဲ့  ကိုးဆောင်ဘုန်းကြီးကျောင်းဂိတ်တွေမှာ အထိုင်ချနေတဲ့ စစ်ကောင်စီတပ်သားတွေကို မြိုင်ပကဖ က ပစ်ခတ်တိုက်ခိုက်ခဲ့သေးတယ်လို့ သိရပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #မြိုင် #စစ်ကောင်စီ #တိုက်ခိုက်ခံရ #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10