မြိုင်မှာ ပြည်သူ့အခြေပြုကျောင်း ၂၀၀ ကျော် ဖွင့်လှစ်သင်ကြားနိုင်

မြိုင်မှာ ပြည်သူ့အခြေပြုကျောင်း ၂၀၀ ကျော် ဖွင့်လှစ်သင်ကြားနိုင်

မကွေးတိုင်း၊ မြိုင်မြို့နယ်ထဲမှာ ကြားကာလ ပြည်သူ့အခြေပြုကျောင်း ၂၀၀ ကျော် ဖွင့်လှစ်သင်ကြားပေးနေပြီး တချို့ကျောင်းတွေက စာသင်နှစ်ပြီးတဲ့အတွက် ကျောင်းဆင်းထားပြီလို့ သိရပါတယ်။

မြိုင်မြို့နယ် ပညာရေးဘုတ်အဖွဲ့ ဖွဲ့စည်းပြီးနောက်ပိုင်း ပထမဆုံးစာသင်ကျောင်းကို ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၀ ရက်က ကျောင်းသား ၂၃၀ နဲ့ KG ကနေ ၈ တန်းထိ စတင်ဖွင့်လှစ်နိုင်ခဲ့တယ်လို့ မြိုင်မြို့နယ် ပညာရေးဘုတ်အဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

“ကလေးတွေ အပြင်မရောက်ဖို့၊ စိတ်လေတာတွေမဖြစ်ဖို့၊ စောစောစီးစီး အိမ်ထောင်တွေမကျဖို့၊ စဉ်ဆက်မပြတ် သင်ကြားခွင့်ရဖို့ အဓိကပဲ။ နဂိုတုန်းက သင်ကြားရေးမှာဆို ပညာရှင်သပ်သပ်ဆိုတာ မရှိဘူး။ ခုကျ ပန်းချီပညာရှင်၊ ဂီတပညာရှင်တွေလည်း လာပြီး ကူညီကြတဲ့အတွက် ဖွံ့ဖြိုးရေးဘာသာရပ်တွေမှာ တော်တော်လေး ထိထိရောက်ရောက် ဖြစ်တယ်" လို့ ပြောပါတယ်။

အခုလက်ရှိ ကျောင်းပေါင်း ၂၀၀ ကျော်မှာ ကျောင်းသား ၃၄၀၀၀ ကျော်၊ CDMဆရာ/ဆရာမ ၈၀၀၊ လုပ်အားပေး ဆရာ/ဆရာမ ၂၅၀၀ ဝန်းကျင်နဲ့ သင်ကြားနေပြီး၊ အဲ့ဒီထဲကမှ ကျောင်း ၈၀ ခန့် ကျောင်းဆင်းပြီးသွားပြီလို့ သိရပါတယ်။

“ကျောင်းဖွင့်ရင်း စစ်ကြောင်းထိုးလို့ ရှောင်ရတာတွေ၊ တချို့ရွာတွေဆို ဖွင့်နေရင်း ရွာမီးရှို့ခံရလို့ တပတ် ပိတ်ရတာတွေ၊ တလ ပိတ်ရတာတွေက ခဏခဏ ရှိတယ်။ ဗုံးခိုကျင်းတွေ တည်ဆောက်ရတာတွေ ရှိတယ်။ ဒါပေမယ့်လည်း ပြီးရင် အချိန်ယူ ပြန်နလံထပြီး ဆက်ဖွင့်ကြတာပဲ" လို့ ပြောပါတယ်။

စာသင်နှစ်ပြီးတဲ့ ကျောင်းတွေကတော့ လက်ရှိမှာ ပိတ်ထားပြီး၊ မပြီးသေးတဲ့ ကျောင်းတွေကတော့ ဆက်ပြီးသင်ကြားလျက် ရှိနေတယ်လို့လည်း သိရပါတယ်။ 

အဆိုပါကျောင်းတွေကို အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာနကနေ တယူနစ်(ကျောင်းသား ၅၀)ကို တသိန်းခွဲနှုန်း ထောက်ပံ့ပြီး ကျောင်းတိုင်းမရသေးပေမယ့် တချို့ကျောင်းတွေတော့ ရနေပြီလို့ သိရပါတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10