မြိုင်မှာ သံဃာ ၁၀၀ ကျော်က စစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇန ကံဆောင် သပိတ်မှောက်ပြီ (ရုပ်/သံ)

မကွေးတိုင်း၊ မြိုင်မြိုနယ်အတွင်းရှိ သံဃာတော်အပါး ၁၀၀ ကျော်နဲ့ ဒကာ၊ ဒကာမတွေက စစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။

ဇွန် ၂၇ ရက် ယနေ့မနက် ၈ နာရီကနေ ၉ နာရီခန့်အထိ သံဃာတော်အပါး ၁၀၀ ကျော်က ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်လုပ်ခဲ့ပြီး ဆန္ဒဖော်ထုတ်ရာလမ်းတလျှောက်ကို ဒကာ/ဒကာမတွေလည်း လိုက်ပါကြပါတယ်။

အဲဒီလှုပ်ရှားမှုတွေကိုတော့ မြိုင် ပကဖ အဖွဲ့ အင်အား ၂၀ ကျော်က ဘေးမှာဝန်းရံပြီးလုံခြုံရေးလုပ်ပေးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ် တာဝန်ခံ ဗိုလ်လက်ယာက ပြောပါတယ်။

သံဃာတော်တွေက ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်မှာ စစ်ကောင်စီအလိုမရှိ စစ်ကောင်စီကို ရဟန်းရှင် ပြည်သူမှန်သမျှတိုက်ဖျက်ကြ စတဲ့ ကြွေးကြော်သံတွေကိုလည်း ကြွေးကြော်ခဲ့ပြီး ဘန်နာတွေနဲ့ သာသနာ့အလံတွေကို ကိုင်ဆောင်ချီတက်လှည့်လည်ခဲ့ပါတယ်။

ဆရာတော်ကြီးကို ပစ်သတ်ပြီး လိမ်လည်တဲ့ စစ်ကောင်စီကို အလိုမရှိကြောင်းနဲ့ ရဟန်းရှင်လူပြည်သူလုထု တွေအကုန်လုံး တော်လှန်ကြဖို့ ရည်ရွယ်ပြီးလုပ်တာလို့ ဗိုလ်လက်ယာက ပြောပါတယ်။

ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံစာသင်တိုက်ရဲ့ ပဓာနနာယက၊ နိုင်ငံတော်သံဃာ့ မဟာနာယကအဖွဲ့ဝင် ဘဒ္ဒန္တမုနိန္ဒာဘိဝံသဆရာတော်ဟာ  ဇွန် ၁၉ ရက် မနက်ပိုင်းက မန္တလေးတိုင်း ၊ ငါးဇွန်မြို့နယ် မဂျီရွာ နဲ့  ကမ္မရွာကြားမှာ စစ်ကောင်စီတပ်သားတွေနဲ့ စစ်ဗိုလ်တချို့က သေနတ်နဲ့ ပစ်သတ်တာကိုခံရပြီး ပျံလွန်တော်မူခဲ့တာပါ။

ဆရာတော်ရဲ့အန္တိမဈာပနကိုတော့ ယနေ့နေ့လည်မှာပဲ ပဲခူးမြို့မှာ စည်ကားစွာပြုလုပ်နေပြီး စစ်ကောင်စီကလည်း အင်အားများစွာနဲ့ လုံခြုံရေးအထူးတင်းကျပ်ထားတယ်လို့ သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - HP

#မြေလတ်အသံ

#မြိုင် #သံဃာ #ပတ္တနိက္ကုဇ္ဇန #ကံဆောင်သပိတ် #စစ်ကောင်စီ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10