မြိုင် စက်မှု ၂ က ထွက်လာတဲ့ စစ်အုပ်စု ပစ်ခတ်ခံရ

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ စက်မှု ၂ ဘက်က ထွက်လာတဲ့ စစ်သားနဲ့ ပျူစောထီးတွေ လိုက်ပါလာတဲ့ ဖောကား ၁ စီးဟာ မေလ ၄ ရက် မနက်ပိုင်းမှာ ပစ်ခတ်ခံရပြီး ထိခိုက်သေဆုံးမှုတွေ ရှိနိုင်တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - မြိုင်မြို့နယ် ပကဖ အဖွဲ့ဆီက သိရပါတယ်။

စစ်သားနဲ့ ပျူစောထီးအင်အား ၄၀ ဝန်းကျင်လိုက်ပါလာတဲ့ ဖောကားကို ဒီနေ့မနက် ၁၀ နာရီဝန်းကျင်က စလင်းကန်ရွာနဲ့ သရက်ကွရွာ အကြားမှာ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဗိုလ်လက်ယာက ပြောပါတယ်။

"စက်မှု ၂ ကနေ သရက်ကွရွာကို ပြန်တာ၊ သရက်ကွရွာနဲ့ စက်မှု ၂ ဆိုရင် ၂ မိုင်ခွဲ ၃ မိုင်လောက်ဝေးတယ်၊ လမ်းတလျှောက်လုံးမှာလည်း ကင်းပုန်းတွေချထားတာ၊ ကင်းပုန်းဝပ်တဲ့နေရာကနေ ကျ‌နော်တို့ဝင်ပစ်တာ၊ ကားကတော့စောင်းသွားတယ်၊ ထိခိုက်သေဆုံးမှုလည်းရှိနိုင်ပါတယ်၊ အတိအကျတော့ မသိရသေးဘူး" လို့ ပြောပါတယ်။

ဖောကားပေါ်မှာ ခလရ ၂၅၁ က စစ်သား ၃၀ ဝန်းကျင်နဲ့ ပျူစောထီး ၁၅ ယောက်လောက်ပါတယ်လို့ သိရပါတယ်။ ပစ်ခတ်မှုဖြစ်ပြီး ကားကတော့ စလင်းကန်ရွာနဲ့ သရက်ကွရွာအကြားမှာ ရပ်ထားဆဲဖြစ်ပြီး ယာဉ်မောင်းအပါ ထိမှန်တယ်လို့လည်း ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ် ပကဖ၊ ဝံပုလွေအဖွဲ့၊ ဇေယျာသီအဖွဲ့၊ အညာမြေပျောက်ကျားအဖွဲ့၊ ချင်းတွင်းပျောက်ကြားအဖွဲ့၊ ပခုက္ကူခရိုင်PDF ရင်း ၁၃ တပ်ဖွဲ့၊ စကော်ပီယန်အဖွဲ့၊ MVP အဖွဲ့ နဲ့ MRTF အဖွဲ့တွေက ပူးပေါင်းလုပ်ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မေလ ၂ ရက်ကလည်း မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ဆူးလေကုန်းရွာမှာ ရောက်ရှိနေတဲ့ ခလရ ၂၅၁ က စစ်သားတွေကို PDF အဖွဲ့ဝင် ၂ ဦးမှ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ဖို့ သွားရောက်စဉ် ရွာအဝင်ဝမှာ စစ်ဆေးမှုလုပ်နေတဲ့ စစ်ကောင်စီတပ်သားတွေနဲ့တွေ့ကာ စစ်ဆေးခံရပြီး ပြန်လည်လုံးထွေးတိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦး သေဆုံးခဲ့သလို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - မြိုင်မြို့နယ် ပကဖအဖွဲ့က ရဲဘော်တဦးလည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။

တည်းဖြတ် - ငြိမ်းဇော်
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10