မြို့နယ် ပအဖ၊ ပကဖကို ဆပ်ကြေးပေးပြီး ကျွန်းသစ် အဆမတန် ခိုးထုတ်မှုများ ရှိနေ

မြို့နယ် ပအဖ၊ ပကဖကို ဆပ်ကြေးပေးပြီး ကျွန်းသစ် အဆမတန် ခိုးထုတ်မှုများ ရှိနေ

စစ်ကိုင်းတိုင်း၊ အင်းတော်နဲ့ ဗန်းမောက်မြို့နယ်မှာ ရှိတဲ့ သစ်တောကြိုးဝိုင်းတွေကနေ ပအဖ နဲ့ ပကဖတွေကို ဆပ်ကြေးပေးပြီး ကျွန်းသစ် အဆမတန်ခုတ်ယူကာ ရောင်းချမှုတွေကြောင့် တန်ဖိုးကြီးသစ်တွေ ရှားပါးလာတယ်လို့ သိရပါတယ်။

သစ်တောကြိုးဝိုင်းတွေကနေ သစ်ထုတ်ယူခွင့်မပြုထားပေမယ့် အာဏာသိမ်းပြီးနောက်ပိုင်းကစလို့ တရုတ်လုပ်ငန်းရှင်တွေဝင်ရောက်လာကာ သစ်ခုတ်တာတွေ၊ သစ်တောဧရိယာမှာ စိုက်ခင်းနဲ့ အိမ်မြေတိုးချဲ့တာတွေပါ လုပ်လာတယ်လို့ ဆိုပါတယ်။

“တရုတ်လုပ်ငန်းရှင်တွေ ထုတ်တာ ဗမာစကားတောင် မတတ်ဘူး။ သက်တမ်းရင့် ကျွန်းသစ်ကို အဓိကထုတ်‌နေတာ။ တမလန်းက အနည်းအကျဥ်းပဲ။ ကျွန်းသစ်ဆိုရင် ရွှေဝါဆပ်ပြာချောင်းအတိုင်းပဲ။ ဝင်းလို့ဝါလို့ အပြစ်အနာအဆာ လုံးဝမရှိတဲ့ဟာတွေပဲ သယ်တာ။ သစ်တောကြိုးဝိုင်းရော အပြင်ဘက်ကရော အကုန်ထုတ်ယူနေတာ။ ကျနော်တို့ရွာက နှစ်ချို့ကျွန်းပင်ကြီးတွေဆို အကုန်ပြောင်၊ ရင်နာနာနဲ့ကြည့်နေရတယ်" လို့ ဒေသခံအမျိုးသားတဦးက ပြောပါတယ်။ 

တလကို ကျွန်းသစ်တန်ချိန်ပေါင်း ၁၈၀၀ကျော် ခုတ်ယူနေကာ အဆိုပါသစ်ကားတွေက ဗန်းမောက်၊ အင်းတော်နဲ့ ကသာမှာရှိတဲ့ နယ်မြေခံအဖွဲ့စည်းတွေရှိတဲ့ဂိတ်တွေမှာ အခွန်အနေနဲ့ ကားတစီးကို ၃သိန်းပေးကာဖြတ်နေပြီး စစ်ကောင်စီရှိတဲ့ အင်းတော် စစ်ဆေးရေးဂိတ်တခုကိုတော့ ရှောင်သွားကြတယ်လို့ သိရပါတယ်။

ပုံစာ - ၂၀၂၂ ခုနှစ် မိုးတွင်းပိုင်းက နမီးချောင်းကနေ ကျွန်းသစ်များ ဝါးဖောင်တွေနဲ့ သယ်နေကြစဥ်

 

"သစ်ထုတ်တဲ့သူတွေကို နည်းတာမဟုတ်ဘူး။ ၂ ရက် ၃ ရက်ကို တခါသွားတယ်။ တစီးကို ၁၅ တန်။ တခါသွား ၆ စီး။ လမ်းက ၂ လမ်းရှိတော့ တခါကို ၁၂ စီး။ အခွန်ကောက်ဖို့  Export ဆို ၁ တန်ကို ၃ သိန်း သတ်မှတ်ထားတယ်။ မြေပြင်မှာတော့ ညှိပြီး ကားတစီးလုံးကိုမှ ၃ သိန်းပဲကောက်တယ်။ ချောင်းဝအထိ ပို့တယ်။ ချောင်းဝရောက်ရင် လုပ်ငန်းရှင်တွေက ၁ တန်ကို သိန်း ၅၀ ရတယ်။ ချောင်းဝကနေ ရွှေကူ သယ်၊ ရွှေကူကနေ တရုတ်ကိုသယ်၊ မိုးတွင်းဆို နမီးချောင်းကနေ ဝါးဖောင်တွေနဲ့ သယ်ကြတယ်" လို့ဒေသခံတဦးက ပြောပါတယ်။

အခုလို ကျွန်းသစ်တရားမဝင် ထုတ်ယူနေမှုတွေနဲ့ အခွန်ယူကာ ဖြတ်သန်းခွင့်ပေးနေတာတွေကို ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ၃လပိုင်းလောက်ကတည်းက အလွန်အကျွံ စထုတ်လာခဲ့ဖြစ်တယ်လို့ ဆိုပါတယ်။

ထိန်းချုပ်အရေးယူပေးနိုင်ဖို့ NUG ဘက်ကို တိုင်ကြားစာတွေ ပို့ပေမယ့်လည်း အခုချိန်ထိ ထိရောက်တဲ့ အရေးယူမှုတွေ လုပ်မပေးနိုင်သေးဘူးလို့လည်း ဒေသခံတွေဆီက သိရပါတယ်။

ပုံစာ - ၂၀၂၂ ခုနှစ် မိုးတွင်းပိုင်းက နမီးချောင်းကနေ ကျွန်းသစ်များ ဝါးဖောင်တွေနဲ့ သယ်နေကြစဥ်

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10