မြို့ပေါ်ဈေးတက်ရောင်းချိန် စျေးသည်တွေ စစ်ကောင်စီရန်ကြောင့် ခရိီးပိုကြာတဲ့ တောလမ်းကိုအသုံးပြုနေရ

မြို့ပေါ်ဈေးတက်ရောင်းချိန် စျေးသည်တွေ စစ်ကောင်စီရန်ကြောင့် ခရိီးပိုကြာတဲ့ တောလမ်းကိုအသုံးပြုနေရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ကျေးရွာအချို့ကဈေးသည်တွေဟာ မုံရွာမြို့ပေါ်ကို စျေးရောင်းဖို့သွားလာချိန် မုံရွာ-ချောင်းဦး ကားလမ်းမဘေးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေရဲ့ရန်ကိုကြောက်လို့ ကတ္တရာလမ်းကို အသုံးမပြုရဲဘဲ တောလမ်းတွေအသုံးပြုကာ သွားလာနေရတယ်လို့ ဈေးသည်တွေဆီက သိရပါတယ်။

ကျေးရွာထွက် အာလူးခြောက်၊ တို့ဟူးခြောက်၊ ဆိတ်သားခြောက်၊ ​ဆန်ချောင်းကြော်၊ ဆိတ်သား၊ ခရမ်းချဥ်သီး၊ ပဲသီး စတဲ့ကုန်​ပစ္စည်းတွေကို မုံရွာမြို့ပေါ် ကို သွားရောက်ရောင်းချချိန် စွမ်းရည်ထက် ဆီဆိုင်ဂိတ်မှာရှိတဲ့ စစ်သားတွေက တောစျေးသည်တွေဆီကနေ ငွေညှစ်တောင်းခံတာ၊ ဖမ်းဆီးသတ်ဖြတ်တာတွေ လုပ်နေတယ်လို့ ဆိုပါတယ်။ 

"မနက်ပိုင်းလည်း သူတို့ရှေ့က မဖြတ်ရဲဘူး။ ညနေအပုပ်ချိန်ဆို ပိုးဆိုးတာပေါ့။ အဲ့ဂိတ်ကဟာတွေက နေ့ညမရွေး ပုလင်းလိုက် ထောင်သောက်တာ။ လက်တားခေါ်ပြီး ပိုက်ဆံဆို သိန်းဂဏန်းအောက်မလျော့ဘူး တောင်းတာ၊ မိန်းမပျိုလေးတွေပါရင် ထားခဲ့ခိုင်းတာတော့။  ဒူးထောက်ပါ တောင်းပန်ရတယ်။ အဲ့ကြောင့် သူတို့ရှေ့က မဖြတ်သွားရဲတော့တာ။"လို့ ရွာခံ တောစျေးသည် မိသားစုဝင်ခြောက်ဦးရှိတဲ့ အမျိုးသမီးတဦးက ပြောပါတယ်။

စွမ်းရည်ထက် ဆီဆိုင်ဂိတ်မှာ တပ်စွဲထားတဲ့ စစ်သားတွေက တောစျေးသည်တွေဆီကနေ တခါတောင်းရင် ငွေကျပ် ၁ သိန်းကနေ ၃ သိန်းထိ တောင်းခံပြီး ဈေးရောင်းထွက်ချိန်မှာလည်း ၁ ယောက်တည်းမသွားရဲတာကြောင့် ဈေးသည် ၁၅ ယောက်ကျော်လောက်စုပြီး သွားလာနေရတယ်လို့ စျေးသည်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။

မုံရွာမြို့ကိုရောက်ဖို့ ကတ္တရာလမ်းအတိုင်းသွားရင် နာရီဝက်ကျော်သာကြာတဲ့ခရီးက မင်းရွာ၊ အောင်သာ၊ မိုးညှင်း၊ ရွာပုလဲ၊ သိမ်တောကျောင်းစတဲ့ ကျေးရွာ တောလမ်းတွေကို ပတ်ပြီး သွားလာရတဲ့အတွက် တနာရီခွဲခန့်ကြာသွားသလို ဆိုင်ကယ်ဆီစရိတ်ကုန်ကျမှုပါ တိုးလာတယ်လို့ သိရပါတယ်။

အခုလို တောလမ်းက သွားလာရာမှာလည်း ကားနဲ့သွားလို့မရလို့ ဆိုင်ကယ်တမျိုးတည်းသာ အသုံးပြုရတဲ့အတွက် ကုန်ပစ္စည်းအများကြီး မသယ်နိုင်ဘဲ အရင်ကထက် ကုန်စည်ရောင်းချရမှုနည်းပါးသွားကာ ဈေးတခါရောင်းရင် ၅ သောင်းကျော် အမြတ်ကျန်တဲ့ အနေထားကနေ အခုတော့ ၁ သောင်းကျော်ကနေ ၃ သောင်းဝန်းကျင်ထိသာ ရကြတော့တယ်လို့ ဆိုပါတယ်။ 

ပြီးခဲ့တဲ့ နိုဝင်ဘာလလယ်ပိုင်းက စွမ်းရည်ထက် ဆီဆိုင်ဂိတ်ရှိ စစ်သားတွေဟာ မုံရွေးရွာခံ အသက် ၄၀ ကျော်အရွယ် အမျိုးသား ၁ ဦးကို စျေးရောင်းပြန်လာတဲ့အချိန် ဖမ်းဆီးပြီး လည်လှီးသတ်ဖြတ်ခဲ့တဲ့ ဖြစ်စဥ်လည်း ရှိခဲ့တယ်လို့ ရွာခံတွေဆီကနေ သိရပါတယ်။

ပုံစာ - တောစျေးသည်များ မုံရွာမြို့ပေါ် ဖရဲနီစျေးတွင် ရောင်းချပုံ။

သတင်း - ခေတ်သဒ္ဒါ၊ စာတည်း - JCG

#မြေလတ်အသံ

#မုံရွာ #စစ်သား #ဖမ်းဆီး #ငွေညှစ် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10