မြို့ပြလှုပ်ရှားမှုတွေ ပိုအားကောင်းလာစေဖို့ လက်လုပ်ပစ္စတိုကို အဆင့်မြှင့်ထုတ်လုပ်

မြို့ပြလှုပ်ရှားမှုတွေ ပိုအားကောင်းလာစေဖို့ လက်လုပ်ပစ္စတိုကို အဆင့်မြှင့်ထုတ်လုပ်

မြို့ပြပြောက်ကျားလှုပ်ရှားမှုတွေပြုလုပ်တဲ့အချိန် ပိုပြီးလွယ်ကူအားကောင်းစေမယ့် ၉ မမ လက်လုပ် ပစ္စတိုသေနတ်တွေကို အဆင့်မြှင့်ထုတ်လုပ်လိုက်တယ်လို့ အမရပူရစစ်သည်တော်တပ်ဖွဲ့က ပြောပါတယ်။

ယခင်ကတည်းက လက်နက်ထုတ်လုပ်မှုတွေလုပ်ဆောင်နေတဲ့ အမရပူရစစ်သည်တော်တပ်ဖွဲ့ဟာ ပိုပြီးအသုံးပြုရလွယ်ကူသလို ပေါ့ပါးတဲ့ပစ္စတိုသေနတ်ကို အဆင့်မြှင့်ထုတ်လုပ်ထားတယ်လို့ တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုးလွင်က ဆိုပါတယ်။

"ထုတ်လုပ်တာလည်း မတူတော့ဘူး။ နည်းစနစ်လည်း ပိုပြီးကျလာတာပေါ့။ ပိုပြီးအဆင့်မြှင့်ပေးလိုက်တာ။ သေနတ်ကလည်း လက်ထဲမှာတင်ပျောက်သလောက်ဖြစ်သွားတာပေါ့။ မြို့တွင်းမစ်ရှင်တွေ၊ ပျူ၊ ဒလန်ရှင်းလင်းရေးတွေမှာ အဓိထားအသုံးပြုဖို့ပဲ ဦးစားပေးထုတ်နေတယ် " လို့ ဗိုလ်မိုးလွင် က ပြောပါတယ်။

အဆင့်မြှင့်ပြီးထုတ်လုပ်ထားတဲ့ လက်နက်တွေဟာ သံထည်ကိုသုံးထားတာမဟုတ်တာကြောင့် ရဲဘော်တွေမစ်ရှင်ပြုလုပ်ချိန်မှာ သံချေးတက်လို့ ကျည်ညပ်တာတွေဖြစ်မှာမဟုတ်သလို လက်ထဲမှာ ကိုင်တွယ်ရ ပိုလွယ်ကူအောင် အသေးစားထုတ်လုပ်ထားတာလို့ သူက ပြောပါတယ်။

ဒီလက်နက်ထုတ်လုပ်မှုတွေဟာ ရောင်းချဖို့မဟုတ်ဘဲ တော်လှန်ရေးအကျိုးကိုပဲရည်ရွယ်ထားပြီး မြေပြင်တော်လှန်ရေးအဖွဲ့တွေအနေနဲ့ နည်းပညာနဲ့ လက်နက်လိုအပ်ပါက  အမှန်တကယ်လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းဟုတ်၊မဟုတ် စိစစ်ပြီး ကူညီပေးသွားမယ်လို့လည်းဆိုပါတယ်။

ပစ္စတိုတလက်ရဲ့တန်ဖိုးဟာ လက်ရှိပေါက်စျေးမှာ အမျိုးအစားအလိုက် ငွေကျပ်သိန်း ၁၀၀ ကျော်အထိ ရှိနေပြီး အခုထုတ်လုပ်တဲ့ လက်လုပ်ပစ္စတိုတလက်တန်ဖိုးဟာ ကျပ် ၈ သိန်းဝန်းကျင်သာ ကုန်ကျတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့စက်တင်ဘာလက စစ်ကိုင်းမြို့နယ် အရှေ့ခြမ်းကို စစ်တပ်ကစစ်ကြောင်းထိုးတဲ့အချိန်မှာ  လက်နက်ထုတ်လုပ်ရေးစခန်း စီးနင်းခံရတာကြောင့် ပစ္စည်းဆုံးရှုံးမှုတွေဖြစ်ခဲ့တာမို့ ကူညီထောက်ပံ့မှုတွေလည်း လိုအပ်နေတယ်လို့ ဗိုလ်မိုးလွင်ကပြောပါတယ်။

"တော်လှန်ရေးမှာ ကူညီနေတဲ့ပြည်ပကထောက်ပို့တွေအနေနဲ့လည်း တကယ်လုပ်နေတဲ့အဖွဲ့အစည်းတွေကို ကူညီပေးပါ။ လိုင်းပေါ်မှာ ဘာမှပြသတာမရှိဘဲ မြေပြင်မှာတကယ်လုပ်နေတဲ့အဖွဲ့တွေ အများကြီးရှိပါတယ်။ အဲ့ဒါတွေကို ကူညီထောက်ပံ့ပေးကြပါ" လို့ ဗိုလ်မိုးလွင်ကပြောပါတယ်။

အမရပူရစစ်သည်တော်တပ်ဖွဲ့ဟာ မန္တလေးတိုင်းကဒေသခံကာကွယ်ရေးတပ်ဖွဲ့တခုဖြစ်ပြီး လက်ရှိမှာ စစ်ကိုင်းတိုင်းအတွင်း အခြေစိုက်လှုပ်ရှားနေတဲ့ ကာကွယ်ရေးတပ်ဖွဲ့တခုဖြစ်ပါတယ်။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#စစ်ကိုင်း #မန္တလေး #အမရပူရPDF #လက်နက်ထုတ်လုပ်မှု #အဆင့်မြှင့် #ပစ္စတို #၉မမ #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10