မြို့ပြအထိ စစ်ရေးအရှိန်မြှင့်တင်ဖို့ မင်းဘူးခရိုင် တပ်ရင်း ၄ စီစဉ်နေဟုဆို

မြို့ပြအထိ စစ်ရေးအရှိန်မြှင့်တင်ဖို့ မင်းဘူးခရိုင် တပ်ရင်း ၄ စီစဉ်နေဟုဆို

မြို့ပြအထိ စစ်ရေးအရှိန်မြှင့်တင်သွားဖို့ မင်းဘူးခရိုင် အမှတ် ၄ တပ်ရင်း(ပွင့်ဖြူမြို့နယ်)က စီစဉ်နေတယ်လို့ အဲဒီတပ်ရင်းမှ တပ်ရင်းမှူး ကိုကြီးကျော်က ပြောပါတယ်။ 

ရှမ်းပြည်နယ်မြောက်ပိုင်း တိုင်းရင်းသားဒေသတွေမှာ စစ်ရေးအရှိန်မြှင့်ပြီး တိုက်ပွဲတွေဖော်ဆောင်ခဲ့တဲ့ နောက်ပိုင်းမှာ မင်းဘူးခရိုင် အမှတ် ၄ တပ်ရင်းက အခုလိုပြောဆိုခဲ့တာဖြစ်ပြီး လက်ရှိမှာ တချို့နေရာတွေမှာ စစ်ရေးလှုပ်ရှားမှုတွေ ဆောင်ရွက်နေပြီလို့ သူက ဆိုပါတယ်။ 

မင်းဘူးခရိုင် အမှတ် ၄ တပ်ရင်း(ပွင့်ဖြူမြို့နယ်)ဟာ အရင်က UG အဖွဲ့အဖြစ်ရပ်တည်ကာ ပွင့်ဖြူမြို့နယ်ထဲက စစ်အာဏာရှင် ဒေါက်တိုင်တွေကို တိုက်ခိုက်ခဲ့တဲ့ အဖွဲ့တခုလည်းဖြစ်ပါတယ်။ 

တပ်ရင်း ၄ (ပွင့်ဖြူမြို့နယ်)ဟာ NUG လက်အောက်က တပ်ရင်းတပ်ဖွဲ့တွေ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းတွေ၊ Local PDF တွေအားလုံးနဲ့ မဟာမိတ်အဖွဲ့အဖြစ် ပူးပေါင်းပြီး စစ်အာဏာရှင် ပြုတ်ကျရေးအတွက် ဆောင်ရွက်သွားမှာဖြစ်တယ်လို့ တပ်ရင်းမှူး ကိုကြီးကျော်က ပြောပါတယ်။

“တောထဲကနေ ရွာတွေကို ချဉ်းကပ်ပြီး စိုးမိုးနိုင်မှုရှိအောင် ရွာတွေကို သိမ်းပိုက်တယ်။ မြို့တွေကို သိမ်းပိုက်နိုင်ဖို့ စစ်ရေးအရှိန်မြှင့်တင်ဖို့ အစီအစဉ်ရှိတယ်” လို့ မင်းဘူးခရိုင် အမှတ် ၄ တပ်ရင်း(ပွင့်ဖြူမြို့နယ်) တပ်ရင်းမှူး ကိုကြီးကျော်က ပြောပါတယ်။

မင်းဘူးခရိုင် အမှတ် ၄ တပ်ရင်းဟာ စလင်းမြို့နယ်ထဲက ကံပြားရဲစခန်းနဲ့ ဆောမြို့နယ်အထဲက စစ်ကောင်စီထိုးစစ် စစ်ကြောင်းတွေကို မဟာမိတ်တွေနဲ့ပူးပေါင်းတိုက်ခိုက်ခဲ့တာတွေရှိပြီး တိုက်ပွဲပေါင်း ၁၀ ပွဲကျော်ရှိသွားပြီလို့ သိရပါတယ်။ 

ပြည်သူတွေအနေနဲ့ စစ်အာဏာရှင်ရဲ့ အုပ်ချုပ်ရေးကာလ ကြာလာပြီဖြစ်တဲ့အတွက် သွေးအေးမသွားဖို့နဲ့ စစ်ကောင်စီရဲ့ ဒေါက်တိုင်တွေနဲ့ နီးနီးကပ်ကပ်မနေရန်၊ လူစုလူဝေး သွားလာလှုပ်ရှားတာတွေမလုပ်ရန်၊ မြို့ပြစစ်ဆင်ရေးတွေဆင်နွှဲလာတဲ့အချိန်မှာ ပြည်သူတွေအနေနဲ့ မသက်ဆိုင်ရင် မသက်ဆိုင်သလိုမျိုး ကိုယ့်အိမ်ထဲမှာကိုယ်နေပေးကြရန် တပ်ရင်းမှူး ကိုကြီးကျော်က ဆိုပါတယ်။ 

စာတည်း - လင်းဇေ

#မြေလတ်အသံ

#မြို့ပြတိုက်ပွဲ #မကွေး #ပွင့်ဖြူ #မင်းဘူးမြို့ #NUG #စစ်ကောင်စီ #ပြောက်ကျား #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10