မြို့သစ်မြို့နယ်မှာ အုပ်ချုပ်ရေးမှူးသားအဖ ပစ်သတ်ခံရ

မြို့သစ်မြို့နယ်မှာ အုပ်ချုပ်ရေးမှူးသားအဖ ပစ်သတ်ခံရ

မကွေးတိုင်း၊ မြို့သစ်မြို့နယ်၊ သီးကုန်းကျေးရွာ အုပ်ချုပ်ရေးမှူးသားအဖ သေနတ်နဲ့ပစ်သတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဇူလိုင် ၁၈ ရက် ညနေ ၃ နာရီခန့်မှာ အသက် ၅၃ နှစ်အရွယ် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဦးနဲ့  သားဖြစ်သူ ၂၈ နှစ်အရွယ် ကိုဝေဇော်ထွန်းတို့ သီးကုန်းကျေးရွာက သူတို့နေအိမ်မှာရှိနေချိန် သေနတ်သမားတွေက ပစ်ခတ်သွားတာလို့ ဆိုပါတယ်။

"သူတို့သားအဖ အိမ်မှာရှိနေချိန် ဝင်ပစ်သွားတာ။ လေးငါးရှစ်ချက်ထက်မနည်း ပစ်သွားတာ။ သားအဖနှစ်ယောက်စလုံးကတော့ နေရာမှာပဲသေသွားကြတယ်"လို့ ဒေသခံတဦးက ပြောပါတယ်။

သေနတ်နဲ့ဝင်ပစ်ခံရလို့ အုပ်ချုပ်ရေးမှူးသားအဖမှာ ဦးခေါင်းနဲ့လက်တွေမှာ ကျည်ထိဒဏ်ရာတွေနဲ့ နေရာတင်သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။ 

ပစ်ခတ်မှုဖြစ်ပြီး တနာရီကျော်အကြာမှ စစ်ကောင်စီအဖွဲ့တွေက လာရောက်စစ်ဆေးပြီး အလောင်းတွေကို မြို့သစ်ဆေးရုံကို သယ်သွားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

ဇူလိုင် ၁၉ ရက် ဒီနေ့မှာတော့ အုပ်ချုပ်ရေးမှူးသားအဖအလောင်းကို ဆေးရုံကနေတဆင့်ကျေးရွာကို ပြန်ယူသွားပြီလို့ သိရပါတယ်။

အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဦးဟာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတဦးဖြစ်လို့ ထွေအုပ်နဲ့စစ်ကောင်စီအဖွဲ့တွေ ခိုင်းသမျှကို လုပ်ဆောင်ပေးနေရသူဖြစ်တယ်လို့လည်း အထက်ပါဒေသခံက ပြောပါတယ်။ 

ဒီပစ်ခတ်မှုကို ဘယ်လက်နက်ကိုင်အဖွဲ့က ပစ်ခတ်တယ်ဆိုတာကို မသိရသေးသလို သတင်းထုတ်ပြန်တာလည်း မရှိသေးပါဘူး။

ဇူလိုင် ၁၇ ရက်ကလည်း မကွေးမြို့နယ်၊ လက်ပံရွာသစ်ကျေးရွာအနီး သစ်ရာကောက်-ကိုးပင်လမ်းပိုင်းပေါ်မှာ ဆိုင်ကယ်နဲ့လာတဲ့ လယ်ဘိုကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #မြို့သစ်မြို့နယ် #အုပ်ချုပ်ရေးမှူး #ရှင်းလင်း #သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10