မြို့သိမ်းတိုက်ပွဲတွေထပ်ဖြစ်လာပါက စစ်ခေါင်းဆောင်အနေနဲ့ မြို့ကိုလှူဒါန်းဖို့ ရှိ၊မရှိ အရင်မေးသင့်ကြောင်း စစ်တိုင်းမှူးများထံ ဦးဝီရသူ မိန့်ကြား

မြို့သိမ်းတိုက်ပွဲတွေထပ်ဖြစ်လာပါက စစ်ခေါင်းဆောင်အနေနဲ့ မြို့ကိုလှူဒါန်းဖို့ ရှိ၊မရှိ အရင်မေးသင့်ကြောင်း စစ်တိုင်းမှူးများထံ ဦးဝီရသူ မိန့်ကြား

နိုင်ငံအတွင်း မြို့သိမ်းတိုက်ပွဲတွေထပ်မံဖြစ်ပေါ်လာပါက စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေနဲ့ သက်ဆိုင်ရာမြို့ကို လှူဒါန်းမယ့်အစီအစဉ်ရှိ၊ မရှိကို စစ်ကောင်စီတပ်နယ်မြေအလိုက် စစ်တိုင်းမှူးများမှ အရင်မေးမြန်းသင့်ကြောင်း အမျိုးသားရေးဆရာတော် ဦးဝီရသူက ဩဂုတ် ၈ ရက် မနေ့က မိန့်ကြားလိုက်ပါတယ်။

စစ်တိုင်းမှူးများက မိမိမြို့ ၊ တပ်မကျရေး အသက်စွန့်ပြီးတော့ ခုခံကာကွယ်နေပေမယ့် ၎င်းတို့အထက် စစ်ခေါင်းဆောင်ဖြစ်သူ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အနေနဲ့ အမှန်တကယ်စစ်တိုက်လိုမှု၊ စစ်အောင်လိုမှု ရှိ၊ မရှိကို ကြိုတင်မေးမြန်းသင့်ကြောင်းနဲ့ တိုက်ပွဲတွေအတွင်း သေဆုံးကြရပါက စစ်တိုင်းမှူးများ၊ လက်အောက်စစ်သားများတင်မကဘဲ စစ်သားမိသာစုဝင်တွေပါ ဘဝပျက်သေကြေကြရတာဖြစ်ကြောင်း ၎င်းက မိန့်ဆိုပါတယ်။

“ ခင်ဗျားတို့အဘက ဝေဿန္တရာဝင်စားလား မသိဘူး။ အလှူအတန်း တအားရက်ရောတာ။ တမြို့ပြီးတမြို့ လှူနေတာ ခင်ဗျားတို့သိရဲ့လား။ ခင်ဗျားတို့ အဘကို ခင်ဗျားတို့သေချာပြတ်ပြတ်သားသားမေး။ ဒီမြို့ကိုရော လှူဖို့ စာရင်းထဲပါသေးလား။ ပါတယ်ဆိုရင် ကျနော်တို့ ကြည်ကြည်ဖြူဖြူ လှူလိုက်ပါ့မယ်။ ကျနော်တို့ ခုခံကာကွယ်နေတာက အဘရဲ့အလှူဒါနကို အနှောင့်အယှက်ဖြစ်နေသလိုမျိုး ကြန့်ကြာအောင် ဆွဲထားသလိုမျိုး ဖြစ်နေတယ်။ ကျနော်တို့လည်း အကုသိုလ်ဖြစ်ပါတယ်။ အဘရဲ့ အလှူဒါနလေးမြောက်အောင် အလံဖြူထောင်မယ့်အစား ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကောင်းမှုဆိုတာလေးကို တပ်ပြီး ကျနော်တို့ ဆုတ်ခွာပေးပါ့မယ် အဲဒီလို ပြတ်ပြတ်သားသားမေး" လို့ ပြောဆိုမေးမြန်းသင့်ကြောင်း မိန့်ပါတယ်။

ထို့အပြင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ မေးမြန်းပြီးနောက် တိကျပြတ်သားတဲ့အဖြေရရှိပါက "ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကောင်းမှု" ဆိုတဲ့ အလံတော်ကြီးကို ကမ္ဗည်းထိုးလိုက်တဲ့အခါ ကြားရာအရပ်၊ ရောက်လေရာဒေသမှ နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်ရေး ရေစက်ချပေးမှာဖြစ်ကြောင်းလည်း ထည့်သွင်းမိန့်ဆိုပါတယ်။

“ အဲဒီလိုတိကျပြတ်သားတဲ့ အဖြေရလို့ ခင်ဗျားတို့က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကောင်းမှုဆိုတဲ့ အလံတော်ကြီးကို ကမ္ဗည်းထိုးလိုက်တဲ့အခါ ကျုပ်တို့တတွေကလည်း ကြားလေရာအရပ် ရောက်လေရာ ဒေသကနေပြီးတော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အတွက် ရေစက်ချပေးပါ့မယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရှမ်းပြည်နယ်မြောက်ပိုင်း လှူဒါန်းရတဲ့ ကုသိုလ်ကောင်းမှူကြောင့် ဒုက္ခခပ်သိမ်းချုပ်ငြိမ်းရာအမှန် နိဗ္ဗာန်သို့ အမြန်ရောက်ရှိပါစေလို့ ဆုတောင်းပြီးတော့ ရေစက်ချပေးမယ်နော်" လို့ ၎င်းက ဆိုပါတယ်။

ဇွန် ၂၅ ရက်က ပြန်လည်စတင်တဲ့ ၁၀၂၇ စစ်ဆင်ရေးနောက်ဆက်တွဲ ရှမ်းမန်းစစ်ဆင်ရေးမှာ ရှမ်းပြည်မြောက်ပိုင်းမြို့တော်၊ အရှေ့မြောက်တိုင်းစစ် ဌာနချုပ်အခြေစိုက်ရာ လားရှိုးမြို့ကို တော်လှန်ရေးပူးပေါင်းတပ်တွေက သိမ်းပိုက်နိုင်ခဲ့ကာ စစ်တိုင်းမှူးကို အရှင်ဖမ်းဆီးနိုင်ခဲ့ပါတယ်။

တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ မိသားစုဝင်တွေ အများအပြားသေဆုံးထိခိုက်ဒဏ်ရာရှိခဲ့တဲ့အပြင် တိုင်းစစ်ဌာနချုပ်ကြီး ကျဆုံးမှုအတွက် စစ်တပ်အသိုင်းအဝိုင်းနဲ့ တပ်ထောက်ခံသူတွေအကြား စစ်ခေါင်းဆောင်တွေကို ပြင်းပြင်ထန်ထန်ဝေဖန်မှုတွေရှိနေတာလည်း ဖြစ်ပါတယ်။

#မြေလတ်အသံ

#စစ်ခေါင်းဆောင် #မင်းအောင်လှိုင် #စစ်ရှုံး #ဝီရသူ #ဝေဖန် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10