မြို့သိမ်းတိုက်ပွဲတွေအတွက် အပြင်းအထန်လေ့ကျင့်နေတဲ့ Zero ပြောက်ကျား (ရုပ်/သံ)

မြေလတ်ဒေသမှာ မြို့သိမ်းစခန်းသိမ်းတိုက်ပွဲ‌တွေ ဆင်နွှဲဖို့အတွက် Zero ပြောက်ကျားတပ်မဟာ တပ်ရင်း ၇-မြင်းခြံခရိုင်က ရဲဘော်တွေကို ပြင်းပြင်းထန်ထန်လေ့ကျင့်ပေးနေတယ်လို့ Zero ပြောက်ကျား တပ်ရင်းမှူး ဗိုလ်သက်ကြီးက ပြောပါတယ်။ 

မြန်မာနိုင်ငံနေရာတော်တော်များများမှာ စစ်ပွဲတွေ ပြင်းထန်နေချိန် မြေလတ်ဒေသထဲကိုလည်း ကူးစက်လာနေပြီဖြစ်လို့ ကာကွယ်ရေးရဲဘော်တွေဘက်က တိုက်ပွဲခေါ်သံ အဆင်သင့်ဖြစ်နေသလို စစ်ကောင်စီနဲ့ မြေပြင်ထိတွေ့တိုက်ပွဲတွေမှာလည်း တိုက်ရည်ခိုက်ရည်ကောင်းမွန်လာအောင် အခုလို ကြိုတင်လေ့ကျင့်နေတာပါလို့ ဆိုပါတယ်။

တပ်ရင်းမှူး ဗိုလ်သက်ကြီးဟာ သူကိုယ်တိုင် တိုက်ပွဲတိုင်းကို လိုက်ပါကြီးကြပ်ပေးနေတာဖြစ်ပြီး ရဲဘော်တွေကို တိုက်ခိုက်ရေးပိုင်းမှာ ယုံကြည်အားထားရသလို ရဲဘော်တွေကလည်း စည်းရုံးညီညွတ်မှု ရှိကြတယ်လို့  မှတ်ချက်ပြုပါတယ်။ လက်ရှိသူနဲ့အနီးကပ် တိုက်ပွဲဝင်နေတဲ့ ရဲဘော်ဦးရေ  ၂၀၀ ကျော် ရှိတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဘက်က လေကြောင်းအသုံးပြုလာမှာကိုလည်း သူတို့အဖွဲ့က စိုးရိမ်မှု မရှိသလို လေကြောင်းရန်ကိုလည်း ထိုက်သင့်သလောက် တန်ပြန်နိုင်ဖို့ကိုလည်း ကြိုတင်စီစဉ်ထားတယ်လို့ ပြောပါတယ်။ အဖွဲ့အနေနဲ့ စစ်ကောင်စီလေကြောင်းနဲ့တိုက်ခိုက်ခံရတာ ၁၀ ကြိမ်မက ရှိခဲ့ပေမယ့် ရဲဘော်တွေ ထိခိုက်တာတွေ မရှိခဲ့ဘူးလို့ သိရပါတယ်။

မြို့သိမ်းစခန်းသိမ်းဖို့ကို ရဲဘော်တွေ ကြိုတင်လေ့ကျင့်တာတွေ၊ တိုက်ခိုက်ရေးနည်းစနစ်တွေ အားကောင်းပေမယ့် ကျည်ဆံ၊ ခဲယမ်းတွေကတော့ ရှာကြံစုဆောင်းနေရဆဲဖြစ်ပြီး ကျည်ကုန်သွားလို့ အပြီးသတ် မသိမ်းနိုင်ဘဲ လက်လွှတ်ထားခဲ့ရတာတွေလည်း ရှိတယ်လို့ သိရပါတယ်။

မြေလတ်ဒေသမှာ တိုက်ပွဲတွေ ဖြစ်လာရင် တိုက်ပွဲကြားက ပြည်သူတွေကိုလည်း တိုက်ပွဲတဖက် ကူညီကယ်ဆယ်ရေးပါ ပူးတွဲလုပ်ဆောင်သွားမှာ ဖြစ်သလို  ပြည်သူအနေနဲ့ သတိဝီရိယနဲ့ သွားလာနေထိုင်ကြဖို့ ဗုံးခိုကျင်းတွေ လုပ်ထားကြဖို့ ပြည်သူတွေကို အသိပေးထားပါတယ်။ 

Zero ပြောက်ကျားတပ်မဟာ တပ်ရင်း ၇-မြင်းခြံခရိုင်ဟာ စစ်ကိုင်းတိုင်းထဲမှာ နယ်စည်းမခြားဘဲ လှည့်လည်လှုပ်ရှား‌ တိုက်ခိုက်နေတဲ့ ပြောက်ကျားအဖွဲ့တခုလည်း ဖြစ်ပါတယ်။ 

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #Zeroပြောက်ကျား #မြင်းခြံခရိုင် #မန္တလေး #အထူးစစ်ဆင်ရေး #မြို့သိမ်းတိုက်ပွဲ #စစ်သင်တန်း #ထောက်ပို့ #လက်နက်ခဲယမ်း #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10