မြေလတ်ဒေသကမြို့နယ်တွေမှာ စစ်ကောင်စီက သန်းခေါင်စာရင်းကောက်ဖို့သင်တန်းပေးနေ

မြေလတ်ဒေသကမြို့နယ်တွေမှာ စစ်ကောင်စီက သန်းခေါင်စာရင်းကောက်ဖို့သင်တန်းပေးနေ

စစ်ကောင်စီက လူဦးရေနဲ့အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ဖို့အတွက် စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ ပဲခူးတိုင်းအတွင်းရှိ သူတို့ထိန်းချုပ်ထားတဲ့ကျေးရွာတွေမှာ သင်တန်းတွေပေးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စက်တင်ဘာလဆန်းပိုင်းကစတင်ပြီး စစ်ကောင်စီလက်အောက်ခံ ထွေအုပ်ရုံးဝန်ထမ်းတွေ၊ ကျောင်းဆရာ ဆရာမတွေ၊ မီးသတ်ဝန်ထမ်းတွေနဲ့ စစ်ကောင်စီတပ်သားတွေကို စာရင်းစစ်၊ စာရင်းကောက်သင်တန်းတွေ ပေးနေတာလို့ ဆိုပါတယ်။ 

သင်တန်းပေးနေတာနဲ့ စစ်ကောင်စီလက်အောက်ခံဝန်းထမ်းတွေအများဆုံးရှိတဲ့ ရပ်ကွက်တွေကို သန်းခေါင်စာရင်း ကောက်မယ်ဆိုပြီး သတင်းတွေကြားထားရတယ်လို့ မုံရွာမြို့ခံအမျိုးသမီးတဦးက ပြောပါတယ်။ 

“သူတို့ (စစ်ကောင်စီ) ရုံးဝန်ထမ်း ရပ်ကွက်တွေပေါ့နော်၊ သူတို့ဘက်က ရုံးတက်တဲ့သူတွေ အများဆုံးရှိတဲ့ ရပ်ကွက်တွေကို သန်းခေါင်စာရင်း ကောက်မယ်လို့ ကြားတယ်။” လို့ သူက ပြောပါတယ်။ 

အောက်တိုဘာ ၁ ရက်ကနေ ၁၅ ရက်အထိ တနိုင်ငံလုံးအတိုင်းအတာနဲ့ သန်းခေါင်စာရင်းကောက်ယူမှာဖြစ်တယ်လို့  စစ်ကောင်စီရဲ့ ဗဟိုသန်းခေါင်စာရင်းကော်မရှင်က ပြောဆိုထားပေမယ့် ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာတော့ကောက်ယူနိုင်မှာမဟုတ်ဘူးလို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ နီးစပ်သူတဦးက သုံးသပ်ပါတယ်။

“မြို့ပေါ် ပတ်ဝန်းကျင်လောက်ပဲ လုပ်နိုင်မှာပါ။ နယ်တွေတော်တော်များများက ကျနော်တို့အဖွဲ့တွေ ဆင်းထားတာ များတယ်လေ။”လို့ မကွေးတိုင်း၊ ဆိတ်ဖြူမြို့မှ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ နီးစပ်သူတဦးက ပြောပါတယ်။ 

သန်းခေါင်စာရင်း ကောက်ယူတော့မှာဖြစ်တဲ့အတွက် လက်တလောမှာ ရေကြီးရေလျှံဖြစ်နေတဲ့ဒေသတွေက ရေဘေးရှောင်စခန်းတွေမှာရောက်နေတဲ့ ရေဘေးသင့်သူတွေကို နေရပ်ကိုအမြန်ဆုံး ပြန်နိုင်ဖို့အတွက် လုပ်ဆောင်ပေးဖို့လိုအပ်ပြီး အကြာဆုံး ၆ လအတွင်း ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကို ပြီးစီးအောင်လုပ်ဖို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က စက်တင်ဘာ ၁၇ ရက် နေပြည်တော်မှာပြုလုပ်တဲ့ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ အစည်းအဝေးမှာ ပြောဆိုခဲ့ပါတယ်။ 

မင်းကင်းမြို့နယ်မှာတော့ မြို့အနီးဝန်းကျင်က စစ်ကောင်စီထိန်းချုပ်ထားတဲ့ ကျေးရွာ ၁၀ ရွာဝန်းကျင်မှာ အုပ်ချုပ်ရေးမှူးတွေကတဆင့် သန်းခေါင်စာရင်းကောက်ယူနေပြီး စစ်မှုထမ်းနိုင်မယ့်အမျိုးသားစာရင်းတွေပါ ကောက်နေတယ်လို့ မင်းကင်းဒေသခံ အမျိုးသားတဦးဆီက သိရပါတယ်။

“တကယ် စစ်မှုအပြည့်ထမ်းနိုင်တဲ့သူပဲ (စာရင်းကောက်တာ)။  သူတို့ ကျဆုံးသွားရင် ဘယ်လောက်ပေးမယ်၊ ခြေလက်အင်္ဂါဆုံးရှုံးသွားရင် ဘယ်လောက်ပေးမယ်ဆိုတာရော လုပ်နေတာ။  တအိမ်တက်ဆင်း ကောက်တာတော့မဟုတ်ဘူး။ စစ်ကောင်စီက ခန့်ထားတဲ့ အုပ်ချုပ်ရေးမှူးတွေကတဆင့် ကောက်နေတာ။ စစ်ကောင်စီကတဆင့် ဘယ်သူ့အိမ်က ဘယ်နှစ်ယောက်ဆိုတာ နယ်မြေကျွမ်းကျင်သူတွေနဲ့ ရောကောက်နေတာ။” လို့ မင်းကင်းဒေသခံ အမျိုးသားတဦးက ပြောပါတယ်။

လက်ရှိ စစ်ကိုင်းတိုင်းထဲက ရေဦး၊ ယင်းမာပင်၊ ကလေးဝ၊ မော်လိုက်၊ မင်းကင်း၊ ကလေး၊ မုံရွာ၊ ရွှေဘို၊ ကန့်ဘလူ၊ ကျွန်းလှမြို့နယ်နဲ့ မကွေးတိုင်းထဲက ဆိပ်ဖြူ၊ စလင်း၊ ပွင့်ဖြူ၊ ငဖဲ၊ နတ်မောက်၊ ကံမ၊ ချောက်၊ သရက်၊ အောင်လံ၊ မင်းလှ၊ ပဲခူးတိုင်းထဲက ဝေါ၊ သနပ်ပင်၊ သဲကုန်း၊ ရွှေတောင်၊ ပြည်၊ ဖြူး၊ ပေါင်းတည်၊ ညောင်လေးပင်၊ နတ်တလင်း၊ ကျောက်တံခါး၊ ကျောက်ကြီး၊ ကဝ၊ ဒိုက်ဦး၊ ပဲခူး၊ မိုးညိုစတဲ့ မြို့နယ်တွေမှာလည်း သင်တန်းတွေပေးနေတယ်လို့ စစ်ကောင်စီရဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #မကွေး #ပဲခူး #သန်းခေါင်စာရင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10