မြေလတ်ဒေသအများစုမှာ မိုး၊လေကြီးနိုင်လို့ ဒေသတွင်းစစ်ဘေးရှောင်တွေ စိုးရိမ်နေ

မြေလတ်ဒေသအများစုမှာ မိုး၊လေကြီးနိုင်လို့ ဒေသတွင်းစစ်ဘေးရှောင်တွေ စိုးရိမ်နေ

မြန်မာနိုင်ငံ မြေလတ်ဒေသ စစ်ကိုင်း၊ မန္တလေးနဲ့ မကွေးတိုင်း အပါအဝင် ဒေသအများစုမှာမတ်လ ၁၃ ရက်နေ့ကစတင်လို့ အချိန်အခါမဟုတ် မိုးသက်လေပြင်း ကျရောက်တာတွေ ဖြစ်ပေါ်လာနိုင်တယ်လို့ မိုးလေဝသပညာရှင်တွေက ခန့်မှန်းထားတာကြောင့် မြေလတ်ဒေသတွင်းက စစ်ဘေးရှောင်တွေ စိုးရိမ်ပူပန်နေရတယ်လို့ သိရပါတယ်။

တိုက်ပွဲတွေ နေ့စဉ်ဖြစ်ပွားနေမှု၊ စစ်ကောင်စီတပ်ရဲ့စစ်ကြောင်းထိုးမှုတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ စစ်ကိုင်း၊မကွေးဒေသအတွင်းက စစ်ရှောင်တွေဟာ အမိုးအကာ ခိုင်ခိုင်မာမာမရှိဘဲ ဖြစ်သလို တဲထိုးနေထိုင်နေရတာကြောင့် မိုး၊လေဒဏ်ကို မခံနိုင်မှာကို စိုးရိမ်နေတယ်လို့ ရေစကြိုမြို့နယ်က စစ်ဘေးရှောင်ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

“အခုလည်း မိုးကာတဲလေးတွေနဲ့ပဲ နေနေရတယ်။ မိုးကြီးလေကြီးကျလည်း ဘာမှလုပ်လို့ မရဘူး။ ရွာပြန်ကပ်မယ်ဆိုလည်း ကပ်လို့မဖြစ်ဘူး။ စစ်ကြောင်းလှည့်လာမှာလည်း ကြောက်ရတယ်။ အရင်ရက်ကပဲ အိမ် ၂၈ လုံး ထပ်ရှို့ခံလိုက်ရတယ်။ လေကြမ်းလည်း ဒီတိုင်းပဲ နေရတော့မှာပေါ့။ တောထဲနေရတဲ့သူတွေအတွက်တော့ စိုးရိမ်စရာပဲ။ ဖြစ်လာမှပဲ အခြေအနေကြည့်နေရမှာ” လို့ ပြောပါတယ်။

ပဲခူးတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းတွေမှာ မိုး၊လေကြီးကာ မိုးသီးကြွေတာတွေအထိ ဖြစ်ပေါ်နိုင်ပြီး လေတိုက်နှုန်း တနာရီကို ၁၅ မိုင်ကနေ မိုင် ၅၀ အထိ တိုက်ခတ်နိုင်တယ်လို့ ခန့်မှန်းထားကာ တခြားပြည်နယ်နဲ့ တိုင်းတွေမှာလည်း မိုးကြီးလေပြင်းကျနိုင်တယ်လို့ မိုးလေဝသခန့်မှန်းသူ ဦးဝင်းနိုင်က သူ့ရဲ့လူမှုကွန်ယက်မှာ ခန့်မှန်း ရေးသားထားပါတယ်။

မိုးလေဝသ ခန့်မှန်းချက်နဲ့ပတ်သက်လို့ စစ်ဘေးရှောင်တွေကို သတိပေးတာတွေ၊ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်ထားပြီး မြစ်ကမ်းနဘေးတွေနဲ့ ကွင်းပြင်တွေထဲမှာ နေထိုင်ရတဲ့ စစ်ဘေးရှောင်တွေအတွက်တော့ စတင်တိုက်ခတ်နိုင်မယ့် မတ်လ ၁၃ ရက်နေ့ကို သတိထား စောင့်ကြည့်နေရမှာ ဖြစ်တယ်လို့ စစ်ကိုင်းတိုင်းအတွင်းက စစ်ဘေးရှောင်ကူညီပေးနေသူ တဦးကလည်း ပြောပါတယ်။

မတ်လ ၁၃ ရက်နေ့မှာ မန္တလေး၊ စစ်ကိုင်းနဲ့ မကွေးတိုင်းထဲက မန္တလေး၊ တံတားဦး၊ မြစ်သား၊ ကျောက်ဆည်၊ နွားထိုးကြီး၊ မြင်းခြံ၊ မလှိုင်၊ ဝမ်းတွင်း၊ တောင်သာ၊ မြင်းမူ၊ ရွှေဘို၊ ဝက်လက်၊ ရေစကြိုစတဲ့မြို့နယ်တွေမှာ မိုးသက်လေပြင်းတွေ အဓိက ကျရောက်နိုင်တယ်လို့ အဲ့ဒီ မိုးလေဝသပညာရှင်က ခန့်မှန်းထားပါတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10