မြေလတ်ဒေသ စစ်ကိုင်း၊ မကွေးနဲ့ ပဲခူးတိုင်းထဲက မြို့နယ် ၂၁ မြို့နယ်ကို စစ်အုပ်ချုပ်ရေးကြေငြာ

မြေလတ်ဒေသ စစ်ကိုင်း၊ မကွေးနဲ့ ပဲခူးတိုင်းထဲက မြို့နယ် ၂၁ မြို့နယ်ကို စစ်အုပ်ချုပ်ရေးကြေငြာ

စစ်တပ်ကအာဏသိမ်းပြီး ၂ နှစ်ပြည့်ပြီးနောက် သူတို့ထိန်းချုပ်မနိုင်တဲ့ တိုင်းနဲ့ ပြည်နယ်တွေထဲက မြို့နယ်အချို့ကို စစ်အုပ်ချုပ်ရေး မြို့နယ်တွေအဖြစ် ဒီကနေ့ ဖေဖော်ဝါရီလ ၂ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။

စစ်ကိုင်းတိုင်းက မြို့နယ် ၁၁ ခု၊ မကွေးတိုင်းက မြို့နယ် ၅ ခုနဲ့ ပဲခူးတိုင်းမှာရှိတဲ့ မြို့နယ် ၅ ခုကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေးဒေသတွေအဖြစ် သတ်မှတ်တယ်လို့ ကြေငြာလိုက်တာဖြစ်ပါတယ်။

စစ်ကိုင်းတိုင်းထဲက အင်းတော်၊ ဗန်းမောက်၊ ကောလင်း၊ ပင်လယ်ဗူး၊ မြောင်၊ ဆာလင်းကြီး၊ ပုလဲ၊ ယင်းမာပင်၊ ခင်ဦး၊ တန့်ဆည်နဲ့ ရေဦးမြို့နယ်တွေ ပါဝင်ကာ၊ မကွေးတိုင်းထဲက ဆော၊ ထီးလင်း၊ ဂန့်ဂေါ၊ ပေါက်နဲ့ မြိုင်မြို့နယ်တွေပါဝင်ပြီး ပဲခူးတိုင်းမှာတော့ ထန်းတပင်၊ အုတ်ဖို၊ နတ်တလင်း၊ ပေါင်းတည်နဲ့ ပေါက်ခေါင်း စတဲ့မြို့နယ်တွေ ပါဝင်ပါတယ်။

စစ်ကောင်စီတပ်ရဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ)၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် (တပခ) စစ်တိုင်းမှူးတွေကို စစ်အုပ်ချုပ်ရေးနဲ့ တာဝန်ပေး အုပ်ချုပ်စေခိုင်းမှာဖြစ်ပြီး စစ်အုပ်ချုပ်ရေးအဖြစ်ကြေငြာထားတဲ့မြို့နယ်တွေမှာ သက်ဆိုင်ရာ စစ်တိုင်းမှူးတွေက အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးဆိုင်ရာ အာဏာတွေကို ကျင့်သုံးခွင့်ရဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ အပ်နှင်းထားတယ်လို့ သိရပါတယ်။

လက်ရှိ အဲ့ဒီနေရာဒေသတွေဟာ တော်လှန်ရေးအင် အားစုတွေ ကြီးစိုးလှုပ်ရှားမှုအားကောင်းနေတဲ့ နေရာဒေသတွေဖြစ်ပြီး စစ်ကောင်စီဘက်က စစ်အုပ်ချုပ်ရေးကြေငြာပြီး အခုထက်ပိုပြီးတော့ ထိမ်းချုပ်နိုင်ဖို့ ပြင်ဆင်လာတာလို့ CDM တပ်မတော်သားအရာရှိတဦးက သုံးသပ်ပါတယ်။

"ဒီဒေသတွေဟာ တော်လှန်ရေးအင်အားစုတွေဘက်က နယ်မြေစိုးမိုးမှုကောင်းမွန်နေတဲ့ ဒေသတွေဖြစ်တယ်။ စစ်ကောင်စီဘက်က ၆ လ သက်တမ်းတိုးထားတော့ အဲ့ဒီကာလအတွင်းမှာ စစ်အုပ်ချုပ်ရေးကြေငြာပြီး ထိမ်းချုပ်နိုင်ဖို့ ပြင်ဆင်လာတယ်လို့ ယူဆတယ်။ အမှန်တကယ်ဆိုရင် မကွေး ၅ မြို့နယ်က (နမခ) ကွပ်ကဲမှုဒေသတွေ ဖြစ်တယ်။ အဲ့တာကို (နမခ)နယ်မြေထဲကနေ ခွဲထုတ်ပြီးတော့ (လပခ) ကွပ်ကဲမှုအောက်ကို ဆွဲသွင်းပြီးတော့ ကွပ်ကဲခိုင်းတာဟာ ပိုမိုလွယ်ကူစွာနဲ့ ထိမ်းချုပ်နိုင်မယ်လို့ ယူဆလို့ ခွဲထုတ်လိုက်တာ ဖြစ်တယ်။ ရှေ့လျောက် ဒီဒေသတွေမှာ စစ်ကောင်စီဘက်က လူသတ်မီးရှို့မှုတွေနဲ့ နှစ်ဖက်တိုက်ပွဲတွေ ပိုမို ပြင်းထန်လာနိုင်တယ်" လို့ CDM တပ်မတော်သား အရာရှိတဦးက ပြောပါတယ်။

စစ်ကောင်စီဘက်က စစ်အုပ်ချုပ်ရေး‌ ကြေငြာလိုက်တဲ့ ဒေသတွေဟာ စစ်တပ်ထောက်တိုင်တွေဖြစ်တဲ့ စစ်ကောင်စီတပ်ရင်း၊ ရဲစခန်းတွေ၊ စစ်ကောင်စီအုပ်ချုပ်ရေးပိုင်း ရုံးဌာနဆိုင်ရာတွေ မကြာခဏဆိုသလို တိုက်ခိုက်ခံနေရတဲ့ ဒေသတွေဖြစ်ကာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးအဖွဲ့ဝင်တွေ မကြာခဏဆိုသလို ပစ်သတ်ခံနေရတဲ့ မြို့နယ်တွေဖြစ်ပါတယ်။

အလားတူ ကရင်နီ(ကယား) ပြည်နယ်ထဲက မြို့နယ် ၄ မြို့နယ်ကိုလည်း စစ်အုပ်ချုပ်ရေးအဖြစ် ကြေညာခဲ့ပါတယ်။

ရန်ကုန်တိုင်းထဲက အချို့မြို့နယ်တွေမှာတော့ စစ်အာဏာ စတင်သိမ်းယူခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ကတည်းက စစ်အုပ်ချုပ်ရေးအဖြစ် ကြေညာခဲ့တဲ့ မြို့နယ်အချို့လည်း ရှိနေပါတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10