မြောင်တွင် စစ်ကောင်စီတပ်က ပြည်သူတွေကိုဖမ်းဆီး ငွေသိန်းဆယ်ချီတောင်းပြီး လွှတ်မပေးဘဲ နှိပ်စက်သတ်ဖြတ်

မြောင်တွင် စစ်ကောင်စီတပ်က ပြည်သူတွေကိုဖမ်းဆီး ငွေသိန်းဆယ်ချီတောင်းပြီး လွှတ်မပေးဘဲ နှိပ်စက်သတ်ဖြတ်

စစ်ကိုင်းတိုင်း၊ မြောင်မြို့မှာ ပြည်သူအချို့ကို စစ်ကောင်စီတပ်က အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်သွားပြီး မိသားစု၀င်များကို ပိုက်ဆံနဲ့လာရောက်ရွေးယူရန် ပြောဆိုပြီး ငွေကြေးပေးပြီးသော်လည်း ပြန်လည်လွှတ်ပေးတာမျိုး မရှိဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လနောက်ဆုံးပတ်အတွင်း စစ်ကောင်စီက ဖမ်းဆီးသွားတဲ့ လူတွေကို ငွေနဲ့ပြန်ရွေးရမယ်ဆိုပြီး မိသားစု၀င်တွေထံ အကြောင်းကြားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ 

လူ ၁ ဦးလျှင် ငွေသိန်းဆယ်ချီ၍ တောင်းခံခဲ့တာဖြစ်ပြီး မိသားစု၀င်တွေက ရှာဖွေပေးသွင်းခဲ့သော်လည်း ပြန်လည်လွှတ်ပေးတာမျိုးမရှိဘူးလို့ သိရပါတယ်။

"သူတို့တောင်းသလောက်ကို ပေးရတာ။ တယောက်ကို သိန်း ၃၀ ဆိုတာ အနည်းဆုံးတောင်းတာ။ မြောင် မြို့ပေါ်မှာတင် အဲ့ဒီလို ၅ ယောက်လောက်ရှိတယ်။ ပိုက်ဆံယူပြီး လူကိုလည်းပြန်မလွှတ်ပေးဘူး ခုထိ။ မိသားစုတွေကို သေပြီလို့ အကြောင်းကြားတယ်"လို့ မြောင်မြို့ပေါ်တွင် နေထိုင်တဲ့ မိသားစု၀င်တဦးက မြေလတ်အသံကို ပြောပါတယ်။

ဖမ်းဆီးခံရတဲ့ ပြည်သူအချို့ကို စစ်ကောင်စီတပ်ကနေရာမှာ သတ်ဖြတ်ထားခဲ့ပြီး ပြည်သူအချို့ကိုမူ ပြန်လည်လွှတ်ပေးလိုက်သော်လည်း အရိုးတွေကြေနေသည်အထိ အကြမ်းဖက်ရိုက်နှက်ခံထားရတယ်လို့ မြောင်ဒေသကာကွယ်ရေးတပ်ဖွဲ့ တာ၀န်ခံကိုနွေဦးက ပြောပါတယ်။

"ဖမ်းခံရတဲ့ မိသားစု၀င်တွေကို ငွေသွင်းခိုင်းတယ်။ မိသားစုတွေက ပိုက်ဆံလည်းအကြေပေးပီးရော ပြန်မလွှတ်ပေးဘူး။ သေလားရှင်လားလည်း မသိရဘူး။ တချို့က ဖမ်းပြီးတာနဲ့သတ်တာ၊ တချို့ကျ သေလုမတတ် ရိုက်ထားလို့သေမယ်လို့ပဲ မိသားစုတွေက တွေးထားလိုက်တော့တာ။ မိသားစု၀င်တွေရဲ့လုံခြုံရေးအရ နေရာနဲ့ နာမည်တွေကို ထည့်မပြောလိုပါဘူး" လို့ ဆိုပါတယ်။

အဲ့ဒီလိုဖမ်းဆီးမှုတွေကို မြောင်မြို့ပေါ်မှာ တပ်စွဲထားတဲ့စစ်ကောင်စီတပ်က လုပ်ဆောင်နေတာဖြစ်လို့ ပြည်သူအများစုမှာ မြို့ပေါ်တွင် မနေရဲတော့လို့ မိသားစုလိုက် ထွက်ပြေးတိမ်း ရှောင်နေကြရတယ်လို့ သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#စစ်ကိုင်း #မြောင် #စစ်ကောင်စီတပ် #ဖမ်းဆီး #ငွေညှစ် #သတ်ဖြတ် #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10