မြောင်မြို့နယ်က ရွာ ၃ ရွာကို စစ်တပ်ကဗုံးကြဲလို့ ၆ ဦးသေဆုံးပြီး ဒဏ်ရာရသူများ

မြောင်မြို့နယ်က ရွာ ၃ ရွာကို စစ်တပ်ကဗုံးကြဲလို့ ၆ ဦးသေဆုံးပြီး ဒဏ်ရာရသူများ

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်အတွင်းက ကျေးရွာ ၃ ခုကို စစ်ကောင်စီက တချိန်တည်းဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၆ ဦးသေဆုံးပြီး ထိခိုက်ပျက်စီးမှုတွေရှိခဲ့တယ်လို့ မြောင်မြို့နယ် TRG ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။ 

ဇရပ်ကုန်းရွာ၊ ငါးမြှောင်တောင်၊ တမဆေးကန်အနီးကို အောက်တိုဘာ ၂၃ ရက် မနေ့ကညနေ ၅ နာရီလောက်ကစပြီး ၁၅ မိနစ်ကြာ ဂျက်ဖိုက်တာနဲ့ ပေါင် ၂၀၀ ဗုံးတွေနဲ့ ကြဲချခဲ့တာလို့ ဆိုပါတယ်။ 

“ရွာ ၃ ရွာက ပြည်သူတွေကို အရပ်ဖက်အဖွဲ့အစည်းနဲ့ ကျနော်တို့ကာကွယ်ရေးအဖွဲ့တွေက ကယ်နေကြပါတယ်။ ပြည်သူတွေ ထိခိုက်သေဆုံးတာကတော့ ဇရပ်ကုန်းရွာကပါ။ ရုတ်တရက် ပစ်မှတ်ထားပြီး ကြဲသွားတာ၊ တိုက်ပွဲဖြစ်တာလည်းမရှိဘူး။” လို့ မြောင်မြို့နယ် TGR ပြည်သူ့ ကာကွယ်ရေးတပ် ဗိုလ်တိုက်ဂါးက ပြောပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် ဇရပ်ကုန်းရွာက အသက် ၆၀ အရွယ် ဒေါ်သန်းမြ၊ ၁၆ နှစ်အရွယ် ၁၀ တန်းကျောင်းသူ မဂျူလီယာစိုး၊ ၅၂ နှစ်အရွယ် ဦးမြင့်လွင်၊ ၂၅ နှစ်အရွယ် မဝေ၊ ၇၀ ကျော်အရွယ် ဒေါ်ထူးနဲ့ အသက် ၁၉ နှစ် ၁၂ တန်းကျောင်းသား ကျော်ထက်နော် တို့သေဆုံးခဲ့ပြီး နေအိမ် အိမ်ခြေ ၂၀ ကျော်ပျက်စီးခဲ့ပါတယ်။  

“တမာဆေးကန်ဘက်ကနေ ပြန်တက်လာပြီးမှ ကျနော်တို့ ဇရပ်ကုန်းရွာကို ဗုံးကြဲသွားတာ။ ရွှေတိမ်လွှာ ဘုန်းကြီးကျောင်းရဲ့ အနောက်မြောက်ဘက် အိမ် ၁ အိမ်ရဲ့တမာပင်ပေါ်ကျတာ။ အဲဒီအလုံးက ပျံ့ကွဲသွားပြီး ထိခိုက်ဒဏ်ရာရသူနဲ့ သေသူတွေများတယ်။ သေဆုံးသွားတဲ့ ၆ ဦးကတော့ သင်္ဂြိုဟ်ပြီးပါပြီ။”လို့  ဇရပ်ကုန်းရွာဒေသခံ ၁ ဦးက ပြောပါတယ်။ 

ဒဏ်ရာရသူ ၁၀ ဦးကို လက်ရှိမှာဆေးကုသပေးနေပြီး ငါးမြှောင်တောင်ရွာနဲ့ တမဆေးကန်အနီး ဗုံးကျပေါက်ပွဲမှုမှာတော့ ထိခိုက်မှုတွေမရှိခဲ့ဘူးလို့ ဆိုပါတယ်။ 

အဲ့ဒီကျေးရွာတွေဟာ ၁ ရွာနဲ့ ၁ ရွာ မိုင်ဝက်လောက်ကွာပြီး ခုလိုတိုက်ခိုက်ချိန် ဒေသခံတွေလည်း ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ သိရပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #မြိုင် #စစ်ကောင်စီ #လေကြောင်းတိုက်ခိုက် #သေဆုံး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10