မြောင်မြို့မရဲစခန်းတိုက်ပွဲမှာ ရဲနဲ့စစ်သား ၁၅ယောက်သေဆုံး (ရုပ်/သံ)

 

မြောင်မြို့နယ်၊ မြို့မရဲစခန်းနဲ့ ထွေအုပ်ရုံးတွေကို ပြည်သူ့ကာကွယ်ရေးတပ်တွေ တပြိုင်နက် ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှာ ကျည်အင်အားမလုံလောက်တာကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရပါတယ်။

ကျည်အင်အား မလုံလောက်လို့ တပ်ပြန်ဆုတ်ခဲ့ရပေမယ့် အဲ့ဒီရဲစခန်းက ရဲ ၉ ယောက်နဲ့ စစ်သား ၆ ယောက် စုစုပေါင်း ၁၅ယောက်သေဆုံးခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ် ၂ တပ်ရင်း၊ တပ်ခွဲ ၃ Myingyan Rangerအဖွဲ့ဆီက သိရပါတယ်။

နိုဝင်ဘာ ၃ရက် ညနေ ၄ နာရီခွဲကနေ ည ၁၀ နာရီခွဲအထိ ၆ နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး  ကျည်မလုံလောက်မှုကြောင့် စခန်းမသိမ်းနိုင်ခဲ့ဘူးလို့ Myingyan Rangerအဖွဲ့ပြန်ကြားရေးတာဝန်ခံ ကိုဗလကြီးက ပြောပါတယ်။

"သူတို့ခံစစ်ကို အသေအချာပြင်ဆင်ထားတဲ့ အနေအထားမှာ ကျနော်တို့က တောင့်ခံနိုင်ဖို့ဆိုတာ ကျည်အင်အား လုံလောက်ဖို့ကလည်း လိုသေးတာကို။ အဲ့လိုဆိုတော့ ကျနော်တို့ကကျည်အင်အားမလုံလောက်တဲ့အတွက် ကာစစ်ပြန်ဆင်နေရတယ်ပေါ့။ အဲ့လိုပဲဖြစ်ဖြစ်နေတယ်"လို့ ကိုဗလကြီးက ပြောပါတယ်။

အဲ့ဒီတိုက်ပွဲမှာ စစ်သား ၆ ယောက်နဲ့ ရဲ ၉ ယောက်သေဆုံးခဲ့တာကို ဒေသခံတွေရဲ့ပြောကြားချက်အရ အတည်ပြုနိုင်ခဲ့ပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁၀ ဦးလည်း ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီရဲစခန်းမှာ အရင်က ရဲနဲ့ စစ်သား ခန့်မှန်းအင်အား ၄၀ ခန့်နဲ့ ထွေအုပ်ရုံးထဲမှာ ၆၀ ခန့်တပ်စွဲထားပြီး တိုက်ပွဲအပြီးမှာတော့ စစ်တပ်က စစ်အင်အား ၁၅၀အထိ ထပ်တိုးကြောင်း သတင်းရရှိထားတယ်လို့ ကိုဗလကြီးက ပြောပါတယ်။

အဲ့ဒီမြောင်မြို့မရဲစခန်းဟာ ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုကို ၅ ကြိမ်ထက်မနည်းခံထားရတဲ့စခန်းတခုဖြစ်ပါတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#မြောင် #မြို့မရဲစခန်း #ထွေအုပ်ရုံး #တိုက်ခိုက်ခံရ #ထိခိုက် #စစ်သား #ရဲ #PDF #ရုပ်သံသတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10