မြောင်မှာ အမျိုးသားတဦးကို စစ်တပ်က မီးရှို့သတ်ခဲ့

မြောင်မှာ အမျိုးသားတဦးကို စစ်တပ်က မီးရှို့သတ်ခဲ့

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ သနပ်ကုန်းရွာအနီးမှာ အမျိုးသားတဦးကို စစ်ကောင်စီတပ်တွေက သြဂုတ်လ ၂ ရက်မနေ့ကမနက် ၃ နာရီလောက်မှာ မီးရှို့သတ်သွားတယ်လို့ မြောင်မြို့နယ် CDSOM အဖွဲ့ဆီက သိရပါတယ်။ 

ကျောက်ရစ်ရဲစခန်းကထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းက သနပ်ကုန်းရွာကို စစ်ကြောင်းထိုး ၀င်ရောက်လာစဉ် ဆိုင်ကယ်နဲ့လာတဲ့ အမျိုးသားနှစ်ဦးကိုဖမ်းဆီးပြီး တဦးကို နေရာမှာပဲ မီးရှို့သတ်ခဲ့ကာ ကျန်တဦးကိုတော့ စခန်းကိုခေါ်သွားတယ်လို့ ဆိုပါတယ်။ 

"ဘယ်ရွာကလည်းဆိုတာ မသိရသေးဘူး။ သနပ်ကုန်းကို စစ်ကြောင်း၀င်တုန်းမှာ လူနှစ်ယောက်က ဆိုင်ကယ်စီးလာတာနဲ့ ကြုံတာ။ ဖမ်းဆီးပြီး မီးရှို့သွားတာ။ ဘယ်သူမှန်း သေချာမသိရတော့ဘူး။ ခုထိ စုံစမ်းမရသေးဘူး။ တယောက်ကိုတော့ ကျောက်ရစ်စခန်းကို ခေါ်သွားတယ်" လို့ မြောင်မြို့နယ် CDSOM တပ်ဖွဲ့ခေါင်းဆောင် ကိုနွေဦးက မြေလတ်အသံကို ပြောပါတယ်။

လူနဲ့အတူ ဆိုင်ကယ်ကိုပါ မီးရှို့ခဲ့ပြီး ဒေသခံတွေရောက်လာချိန်မှာတော့ အလောင်းကို သနပ်ကုန်းရွာထဲမှာပဲ မီးကျွမ်းထားတဲ့ မီးသွေးတုံးသဖွယ် တွေ့ခဲ့ရတာကြောင့် ဘယ်သူဘယ်ဝါဆိုတာ အတည်ပြုလို့ မရတာဖြစ်သလို တွေ့ရှိခဲ့တဲ့ ရွာသားတချို့ကပဲ အလောင်းကို သင်္ဂြိုလ်ပေးခဲ့တယ်လို့ သိရပါတယ်။ 

ဒေသခံတွေရဲ့ ပြန်လည်ပြောပြချက်အရ သေဆုံးအမျိုးသားကို စစ်ကောင်စီတပ်တွေက အရှင်လတ်လတ် မီးရှို့ခဲ့တာလို့ဆိုပေမယ့် ဒီဖြစ်စဥ်အသေးစိတ်နဲ့ ဖမ်းဆီး၊ အသတ်ခံရသူတွေရဲ့ အချက်အလက်တွေကိုတော့ မြေလတ်အသံက ဆက်လက်စုံစမ်းနေဆဲပါ။

လက်ရှိ စစ်ကိုင်းတိုင်းတွင်းမှာ လူအစုလိုက်အပြုံလိုက်သတ် ဖြတ်ပြခဲ့တဲ့ စစ်ကောင်စီရဲ့ ဘီလူးစစ်ကြောင်းကို ကရင်နီပြည်နယ်ကို တပ်မလိုက်ပြောင်းရွှေ့ခဲ့ပြီး လက်တလောမှာတော့ သိန်းငှက်စစ်ကြောင်းလို့ အမည်ပေးထားတဲ့ စစ်ကောင်စီတပ်က မီးရှို့သတ်ဖြတ်မှုတွေကို ဆက်လက်လုပ်ဆောင်နေတာလို့လည်း သိရပါတယ်။

စာတည်း - လင်း

#မြေလတ်အသံ 

#စစ်ကိုင်း #မြောင် #သနပ်ကုန်း #စစ်ကောင်စီ #မီးရှို့သတ်ဖြတ် #ဒေသခံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10