မွန်ဖိုက်တာဆွန်ရက် ပါဝင်ထိုးသတ်မယ့် One Friday Fights 91 (အားကစားသတင်း)

မွန်ဖိုက်တာဆွန်ရက် ပါဝင်ထိုးသတ်မယ့် One Friday Fights 91 (အားကစားသတင်း)

ဒီဇင်ဘာ ၁၃ ရက်၊ ဒီနေ့ညမှာ ကျင်းပသွားမယ့် One Friday Fights 91 မှာ မွန်ဖိုက်တာဆွန်ရက် ပါဝင်ထိုးသတ်သွားမှာ ဖြစ်ပါတယ်။ 

၂၀၂၄ ခုနှစ်အတွင်း ထိုးသတ်ခဲ့တဲ့ပွဲတွေမှာ ရှုံးပွဲမရှိသေးဘဲ ၃ ပွဲဆက်နိုင်ထားတဲ့ဆွန်ရက်ဟာ ဒီပွဲမှာတော့ ထိုင်းဖိုက်တာ ပက်ဝီချစ် နဲ့ ယှဉ်ပြိုင်ထိုးသတ်သွားရမှာဖြစ်ပြီး သူတို့ပွဲကို ဒုခေါင်ပွဲအဖြစ်သတ်မှတ်ထားပါတယ်။ 

ပက်ဝီချစ်ကတော့ အသက် ၂၃ နှစ်အရွယ်ကစားသမားတဦးဖြစ်ပြီး One ရဲ့မှတ်တမ်းတွေအရ ၆ ပွဲထိုး၊ ၃ ပွဲနိုင် ၃ ပွဲရှုံးရလဒ်ပိုင်ဆိုင်ထားကာ နောက်ဆုံးပွဲ ၂ ပွဲဆက် ရှုံးနိမ့်ထားတာကိုတွေ့ရပါတယ်။ သူဟာ ဘယ်ညာလက်သီးတွဲလုံးတွေထွက်သလို ညာလက်သီးထိုးချက်ကိုအားကိုးအသုံးပြုတာတွေ့ရပြီး ဆွန်ရက်ထက် အရပ်နဲ့လက်တံ ပိုရှည်ပါတယ်။ အမြင့်ကန်ချက်တွေ့ရနည်းပြီး လူချင်းပူးကပ်ချိန်မှာ မွေထိုင်းဖိုက်တာတွေရဲ့တံတောင်ရိုက်ချက်မျိုး သူ့မှာသိပ်မတွေ့ရတာတော့ အားနည်းချက်တွေဖြစ်လာနိုင်ပါတယ်။ 

ဆွန်ရက်ကတော့ ၂၀၂၄ ဟာ သူ့ရဲ့နှစ်လို့ပြောရလောက်အောင် အစွမ်းပြထားနိုင်ပြီး ရလဒ်ကောင်းတွေကြောင့် ဒီပွဲကိုလှလှပပနဲ့နိုင်ခဲ့ရင် ဒေါ်လာ ၁ သိန်းတန်စာချုပ်ကိုမျှော်လင့်ခွင့် ရလာနိုင်ပါတယ်။ ဒါပေမယ့် One ရဲ့မှတ်တမ်းတွေအရ ၂၀၂၃ ခုနှစ်အတွင်းက ပြိုင်ပွဲတွေမှာ ထိုင်းဖိုက်တာတွေကို ၄ ပွဲဆက်ရှုံးနိမ့်ထားတာကြောင့် သတိထားကစားသွားဖို့လိုပါမယ်။ ဘယ်ခြေ၊ ဘယ်လက်အားပြုကစားတဲ့ ဆွန်ရက်ဟာ အနိမ့်ကန်ချက်ခပ်ပြင်းပြင်းကိုပိုင်ဆိုင်ထားပြီး အနီးကပ်တံတောင်ရိုက်ချက်တွေကိုလည်း အသုံးချတတ်သူဖြစ်ပါတယ်။ သူ့ရဲ့အားနည်းချက်ဖြစ်တဲ့ လက်သီးတွဲလုံးနဲ့ ခြေကန်ချက်အထွက်လေးတာကို ပြင်ဆင်လာနိုင်မလား၊ သူ့ထက် အရပ်နဲ့လက်တံအားသာတဲ့ပြိုင်ဘက်ကို ဘယ်လိုထိန်းချုပ်ဖို့ကြိုးစားလာမလဲဆိုတာ ဒီပွဲမှာကြည့်ရပါတော့မယ်။ 

ဆွန်ရက် ပါဝင်ယှဉ်ပြိုင်ထိုးသတ်သွားမယ့် ONE Friday Fights 91 ပွဲစဉ်တွေကို ဒီဇင်ဘာ ၁၃ ရက်၊ သောကြာနေ့ ဒီနေ့ ညနေ ၇ နာရီအချိန်မှာ စတင်ကျင်းပသွားမှာဖြစ်ပါတယ်။ 

Photo - One Lumpinee FC.

#မြေလတ်အသံ

#အားကစား #လက်ဝှေ့  #ဆွန်ရက် #ပက်ဝီချစ် #OneFridayFights

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10