မွေးနေ့အလှူ ခေါက်ဆွဲကြော်စားမိတာကနေ အစာအဆိပ်သင့်လို့ ကလေး၊ လူကြီး ၁၃၀ ခန့် ဆေးရုံရောက်

မွေးနေ့အလှူ ခေါက်ဆွဲကြော်စားမိတာကနေ အစာအဆိပ်သင့်လို့ ကလေး၊ လူကြီး ၁၃၀ ခန့် ဆေးရုံရောက်

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ အဆိပ်တောင်ကျေးရွာရှိ မေတ္တာကမ်းလက်ပရဟိတကျောင်းမှာ ခေါက်ဆွဲကြော်စားပြီး အစာအဆိပ်သင့်လို့ ကလေး၊လူကြီး ၁၃၀ ဦးခန့် ဆေးရုံပို့ကုသနေရတယ်လို့ သိရပါတယ်။

 

ဇူလိုင်လ ၄ ရက် ဒီနေ့ မနက် ၁၀ နာရီကျော်အချိန်က မေတ္တာကမ်းလက်ပရဟိတကျောင်းမှာ မွေးနေ့အလှူရှင် ၁ ဦးမှ  ခေါက်ဆွဲကြော်လာရောက်ကျွေးမွေးပြီးနောက် စားသောက်ပြီးချိန်မှာ အစာအဆိပ်သင့်မှုဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

 

"မွေးနေ့အလှူမှာ ကျွေးတဲ့ ခေါက်ဆွဲကြော်စားကြပြီး ဖြစ်တာလို့ သိရတယ်။ ခေါက်ဆွဲကြော်ထဲပါတဲ့ အသီးအရွက်တွေက ပိုးသတ်ဆေးတွေကြောင့်လား၊ မသန့်တာ တခုခုပါသွားလို့လား။  ဘာကြောင့်လဲဆိုတာကတော့ ဆရာဝန်တွေပဲ သိလောက်မယ်" လို့ ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

 

ခေါက်ဆွဲကြော်စားပြီးနောက် ကျောင်းရှိ ဆရာမတွေအပါအဝင် ကလေးငယ် စုစုပေါင်း ၁၃၀ ခန့်ဟာ အစာအဆိပ်သင့်ကာ မူးဝေတာ၊ အော့အန်တာနဲ့ ရင်ပြည့်ရင်ကယ်စတဲ့ ဝေဒနာတွေဖြစ်ပွားလာတာလို့ သိရပါတယ်။

 

အစာအဆိပ်သင့်မှုဖြစ်ပွားသူတွေကို ဒေသခံလူမှုကူညီရေးအသင်းတွေက ဘုရားကြီးဆေးရုံကို  ၅ ဦး၊ ပဲခူးဆေးရုံကို ၁၂၀ ဦးကျော် ပို့ဆောင်ပေးပြီး ဆေးကုသမှုပေးနေတယ်လို့ သိရပါတယ်။

 

အစာအဆိပ်သင့်သူတွေထဲမှာ အရေးပေါ်သွေးလိုအပ်နေသူတွေလည်းရှိတာကြောင့် သွေးရှာဖွေနေရပြီး အချို့ ကလေးတွေကတော့ ပြန်လည်‌သက်သာနေသူတွေလည်းရှိနေပါတယ်။

 

စာတည်း - ရင်ငြိမ်း

 

#မြေလတ်အသံ

#ပဲခူး #ပရဟိတကျောင်း #အစာအဆိပ်သင့် #မေတ္တာကမ်းလက်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10