ယင်းမာပင်က ကျေးရွာ ၄ ရွာအနီးကို လေကြောင်းပစ်ခတ်

ယင်းမာပင်က ကျေးရွာ ၄ ရွာအနီးကို လေကြောင်းပစ်ခတ်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့အနီးမှာရှိတဲ့ ကျေးရွာ ၄ ရွာအနီးပတ်ဝန်းကျင်တွေကို ဇူလိုင်လ ၁၂ ရက်ညနေ ၄ နာရီကျော်မှာ စစ်ကောင်စီတပ်က လေယာဥ်တစီးနဲ့ပစ်ခတ်နေတယ်လို့ ဗျတ္တညီနောင်အဖွဲ့က ပြောပါတယ်။

ယင်းမာပင်မြို့အထွက်မှာတည်ရှိတဲ့ လေးရွာ၊ ရွာထောင်၊ မြေကျက်ဆူ၊ မြို့ကြီး စတဲ့ ကျေးရွာတွေကို မုံရွာနမခကနေ Mi 35 လေယာဥ်တစီးနဲ့ ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

"ဂျက်ဖိုင်တာတစီးလည်း ပါတယ်။ သူကမပစ်ဘူး။ ၄ နာရီ ၁၀ မိနစ်ကနေ ၅ နာရီကျော်အထိ ပစ်ခတ်ခဲ့တယ်။ မီးခိုးတွေထွက်နေတာတွေ့ရတယ်။ အခုတော့ Mi 35 ကပြန်သွားပြီ" လို့ ဗျတ္တညီနောင် V-02 အဖွဲ့တာဝန်ခံက ပြောပါတယ်။

လေကြောင်းမပစ်ခတ်မီအချိန်ကတော့ အဲဒီ ကျေးရွာတွေအနီးမှာ ယင်းမာပင်မြို့ထဲကထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ဒေသခံတော်လှန်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သူကဆက်ပြောပါတယ်။

လေကြောင်းပစ်ခတ်ခဲ့တာကြောင့် ကျေးရွာ ၄ ရွာက ဒေသခံထောင်ချီဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရပြီး ဒေသခံတွေ အထိခိုက်၊ သေဆုံးမှု ရှိ၊မရှိကိုတော့ မသိရှိရသေးဘူးလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၈ ရက်မှာ အင်အား ၈၀ ကျော်ပါတဲ့ တပ်မ(၉၉) လက်အောက်ခံ စစ်ကောင်စီတပ်သားတွေက ယင်းမာပင်မြို့ထဲကနေထွက်လာချိန် ယင်းမာပင်ခရိုင်တပ်ရင်း ၃ ခုက အသင့်စောင့်ကြိုပြီး ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်သား ၅ ဦးသေဆုံးပြီး ၁၀ ဦးဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ယင်းမာပင် #စစ်ကောင်စီ #လေကြောင်းတိုက်ခိုက်မှု #စစ်ရှောင်

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10