ယင်းမာပင်က စစ်ကောင်စီတပ်စခန်းကို ဒေသကာကွယ်ရေးတပ်တွေက လက်နက်ကြီးတွေနဲ့ပစ် (ရုပ်/သံ)

စစ်ကိုင်းတိုင်း ၊ယင်းမာပင်မြို့အရှေ့ဘက်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတခုကို စက်တင်ဘာ ၂၇ ရက် ညနေ ၄ နာရီကျော်မှာ ဒေသကာကွယ်ရေးတပ်တွေက လက်နက်ကြီးတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ Black Vote Fighter က ပြောပါတယ်။

အင်အား ၆၀ ခန့်နဲ့အထိုင်ချထားတဲ့ အောင်ဇေယျတပ်ကုန်းကို ၆၀ မမ၊ ၈၀ မမ၊ ၁၂၀ မမ ရှော့တိုက်ဒုံးတွေနဲ့ မိနစ် ၃၀ ခန့်အကြာ ပစ်ခဲ့တာလို့ဆိုပါတယ်။

"ကျနော်တို့ပစ်တဲ့လက်နက်ကြီးတွေက တပ်ကုန်း ဧရိယာကွင်းပြင်ထဲကျလို့ မီးခိုးထွက်တာတွေ မြင်ခဲ့ရတယ်။ ပစ်တဲ့အလုံးတိုင်း အောင်မြင်ခဲ့တယ်။ ထိခိုက်သေဆုံးမှု ရှိ၊မရှိကိုတော့ မသိရဘူး"လို့ Black Vote Fighter ရဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

တိုက်ခိုက်နေချိန်အတွင်း စစ်ကောင်စီတပ်စခန်းထဲကလည်း ၆၀ မမ တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့ပြီး မုံရွာနမခ ကနေ ကားတွေနဲ့ စစ်ကူလာခဲ့တယ်လို့ သူကဆက်ပြောပါတယ်။

အဲဒီအောင်ဇေယျတပ်ကုန်းက စစ်ကောင်စီတပ်သားတွေဟာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ကျေးရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ မကြာခဏပစ်လေ့ရှိတယ်လို့လည်း သူကဆက်ပြောပါတယ်။

ဒီတိုက်ခိုက်မှုကိုတော့ Black Vote  Fighter ၊ AKပြောက်ကျားတပ်ဖွဲ့ ၊ စစ်ကျွန်မခံမြွေဆိုးတစ်သိုက်၊ တောသားကြီး၊ SBTF ၊ EAGLE Defense Force Salingyi ၊ ယင်းမာပင် -ဆားလင်းကြီး လက်နက်ကြီးမဟာမိတ်တပ်ပေါင်းစုတို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့သြဂုတ် ၁၀ရက်တုန်းကလည်း ယင်းမာပင်မြိုနယ်၊ သံဘိုကျေးရွာရှိ စည်သူသစ်ကွင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို Black Vote Fighter အဖွဲ့အပါအဝင် ပူးပေါင်းတပ်ဖွဲ့တွေက ၆၀ မမ၊ ၈၀ မမ၊ ၂၂၀ မမ တို့နဲ့ တိုက်ခိုက်ခဲ့သေးတယ်လို့ သိရပါတယ်။ 

တည်းဖြတ် - ဟယ်ရီ

#မြေလတ်အသံ

#စစ်ကိုင်း #ယင်းမာပင် #စစ်ကောင်စီ #လက်နက်ကြီးပစ်ခံရ #ရုပ်သံသတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10