ယင်းမာပင်က စစ်ရှောင် ၁၀၀ ကျော်ကို ချိုးငှက်ပြောက်ကျားတပ်က ရိက္ခာထောက်ပံ့

ယင်းမာပင်က စစ်ရှောင် ၁၀၀ ကျော်ကို ချိုးငှက်ပြောက်ကျားတပ်က ရိက္ခာထောက်ပံ့

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ထဲမှာ စစ်ဘေးရှောင်နေကြတဲ့ လူဦးရေ ၁၀၀ ကျော်ကို သြဂုတ် ၃၀ ရက်နေ့လယ် ၁ နာရီကျော်မှာ စားနပ်ရိက္ခာတွေ ထောက်ပံ့လှူဒါန်းပေးခဲ့တယ်လို့ ချိုးငှက်ပြောက်ကျားတပ်ဖွဲ့ဆီက သိရပါတယ်။

စစ်ဘေးရှောင် ၁ ထောင်ကျော်ရှိတဲ့အထဲက အိမ်ထောင်စု ၃၉ စု၊ လူဦးရေ ၁၀၀ ကျော်ကို ၁ အိမ်ထောင်လျှင် ဆန် ၁ ပြည်နဲ့ မျှစ် ၁ ပိဿာ ခွဲဝေ ထောက်ပံ့ပေးခဲ့တာလို့ ဆိုပါတယ်။

"ပစ္စည်းတွေအကုန်လုံးတန်ဖိုးက သုံးသိန်းကိုးသောင်းနီးနီးကျတယ်ဗျ။ ကျနော်တို့အဖွဲ့က တတ်နိုင်တဲ့ဖက်က နည်းတယ်၊ များတယ်မဟုတ်ဘဲ တတ်နိုင်သလောက်လေး ကူညီပေးတာပါဗျ။ ကျနော်က အကုန်လုံးကိုလှူဖို့ ငွေကြေးကမတတ်နိုင်ဘူးဗျ"လို့ ချိုးငှက်ပြောက်ကျားတပ်ဖွဲ့ရဲ့ ခေါင်းဆောင် ဗိုလ်မုဆိုးက ပြောပါတယ်။

အဆိုပါစစ်ဘေးရှောင်တွေဟာ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ယင်းမာပင်မြို့နယ်ထဲက သံဘိုရွာ၊ စေသူရွာ၊ ကျောက်မှော်ရွာ၊ ကျောက်ကုန်းရွာ၊ နှောပင်ရွာနဲ့ ကနီမြို့နယ်၊ နွာခြံကုန်းရွာက ဒေသခံတွေဖြစ်ကြပြီး နေရပ်မပြန်နိုင်တာ ၁ လကျော်ရှိပြီလို့ သိရပါတယ်။

စစ်အာဏာသိမ်းချိန်ကနေ ၂၀၂၃ ခုနှစ် ဇူလိုင် ၁၅ ရက်အထိ စစ်ကိုင်းတိုင်းအတွင်းက ဒေသခံ ၇ သိန်းခွဲကျော်ဟာ နေရပ်စွန့်ခွာထွက်ပြေးနေကြရတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA) က ထုတ်ပြန်ကြေညာထားပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #ယင်းမာပင် #စစ်ရှောင် #ထောက်ပံ့ #သတင်း #ချိုးငှက်ပြောက်ကျားတပ် #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10