ယင်းမာပင်ခရိုင် ပညာရေးမှူး နေအိမ်နားမှာ သေနတ်နဲ့ ပစ်သတ်ခံရ

ယင်းမာပင်ခရိုင် ပညာရေးမှူး နေအိမ်နားမှာ သေနတ်နဲ့ ပစ်သတ်ခံရ

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ အင်းရွာသစ်ရပ်ကွက်၊ ဝေဇယန္တလမ်းကမှာ နေထိုင်တဲ့ ယင်းမာပင်ခရိုင် ပညာရေးမှူးဟာ ကျောင်းမှနေအိမ်သို့ပြန်လာစဉ် သေနတ်နဲ့ ပစ်သတ်ခံရလို့ သေဆုံးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဇူလိုင် ၁၄ ရက် ညနေ ၅ နာရီခန့်မှာ ယင်းမာပင်ခရိုင်ပညာရေးမှူး ဒေါ်သီတာချို (၆၀ နှစ်ခန့်)ဟာ ကျောင်းကနေ အိမ်ပြန်လာချိန် နေအိမ်အရှေ့နားမှာ သေနတ်သမားတွေက ပစ်ခတ်သွားတယ်လို့ ဆိုပါတယ်။

"သူက မုံရွာပညာရေးရုံးကနေ ညနေ အိမ်ပြန်လာချိန်မှာ ပစ်သတ်ခံရတာလို့ သိရတယ်။  သူက မုံရွာကနေ ယင်းမာပင်ကို အပြောင်းကျထားတယ်လို့ သိရတယ်။ ဘယ်အဖွဲ့က ဘာကြောင့်လုပ်တယ်ဆိုတာတော့ မသိရဘူး"လို့ ဒေသခံတဦးက ပြောပါတယ်။

သေနတ်နဲ့ပစ်ခံရလို့ ဒေါ်သီတာချိုဟာ ရရှိဒဏ်ရာတွေနဲ့ နေရာမှာပဲ သေဆုံးသွားလို့ ဒေသခံတွေက မုံရွာဆေးရုံကို သယ်ဆောင်ပို့ပေးကြရတယ်လို့ ဆိုပါတယ်။

ဒေါ်သီတာချိုဟာ ယင်းမာပင်ခရိုင် ပညာရေးမှူးအနေဖြင့် ပြောင်းရွှေ့မိန့်ကျထားသူဖြစ်ပြီး မပြောင်းရွှေ့ရသေးဘဲ မုံရွာတိုင်းပညာရေးရုံးမှာ ယာယီတွဲဘက် တာဝန်ထမ်းဆောင်နေသူဖြစ်တယ်လို့ သိရပါတယ်။

ဒေါ်သီတာချို ပစ်သတ်ခံရပြီးနောက် စစ်ကောင်စီအဖွဲ့တွေဟာ လာရောက်စစ်ဆေးခဲ့ပြီး ပတ်ဝန်းကျင်ကိုလဲ မေးမြန်းမှုတွေ လုပ်သွားတယ်လို့ ဆိုပါတယ်။

ဇူလိုင် ၄ ရက် ညနေပိုင်းကလည်း မုံရွာမြို့၊ အောင်ချမ်းသာရပ်ကွက်၊ သဲအင်းဂူလမ်းမှာ Non CDM ဆရာမ ဒေါ်ရီရီလှိုင်နေအိမ် အနုကြမ်းစီးခံရပြီး ပစ်ခတ်ခံရလို့ အမျိုးသား ၁ ဦးဒဏ်ရာရပြီး ကားနဲ့ပစ္စည်းတွေ ပါသွားတယ်လို့  သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #မုံရွာမြို့ #အင်းရွာသစ်ရပ်ကွက် #ဝေဇယန္တလမ်း #ခရိုင်ပညာရေးမှူး #ပစ်သတ်ခံရ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10