ယင်းမာပင်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်လို့ ကလေးငယ် ၁ ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာရ

ယင်းမာပင်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်လို့ ကလေးငယ် ၁ ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် စစ်ကောင်စီတပ်မှ လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာကြောင့် အသက် ၉ နှစ်အရွယ် ကလေးငယ် ၁ ဦး သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။

ယမန်နေ့ ဩဂုတ် ၁၅ ရက် နေ့လယ် ၂ နာရီခန့်တွင် ပုသိမ်-မုံရွာလမ်းကို ရောက်ရှိနေတဲ့ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ အကြောင်းမဲ့ ပစ်ခတ်မှုကြောင့် ယင်းမာပင်မြို့နယ်ထဲရှိ ပေကုန်းကျေးရွာက အသက် ၉ နှစ်အရွယ် ကလေးငယ်သေဆုံးပြီး ပြည်သူ ၅ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

"ဒီကောင်တွေ အမြဲလိုလို လုပ်နေကျပုံစံပါပဲ။ စစ်ကြောင်းထိုးတာမျိုးမဟုတ်လည်း လက်နက်ကြီးတွေနဲ့ ရွာတွေကိုလျှောက်ပစ်တာ။ ပေကုန်းရွာက ကလေးတဦးနဲ့ အခြားပြည်သူတွေလည်း ထိတယ်လို့ကြားတယ်။ ၀မ်ပေါင်ထဲမှာ တပ်စွဲထားတဲ့ကောင်တွေ"လို့ ယင်းမာပင်ဒေသကာကွယ်ရေး တပ်ဖွဲ့၀င်တဦးက မြေလတ်အသံကို ပြောပါတယ်

ပစ်ခတ်ခဲ့တဲ့ စစ်ကောင်စီတပ်က ဆားလင်းကြီးမြို့နယ်၊ ၀မ်ပေါင်ကြေးနီစီမံကိန်းကုမ္ပဏီထဲတွင် တပ်စွဲနေထိုင်နေတဲ့ တပ်ဖွဲ့ဖြစ်ပြီး ကျေးရွာတွေကို လှည့်လည်စစ်ကြောင်းထိုး ၀င်ရောက်ကာ လမ်းတလျှောက်ရှိ ကျေးရွာတွေကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်သွားလာမှုတွေ လုပ်ဆောင်လေ့ရှိတယ်လို့ သိရပါတယ်။

ဒါ့အပြင် ယင်းမာပင်၊ အောင်ဇေယျကုန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က ယမန်နေ့ ‌၁၂ နာရီခွဲအချိန်ခန့်က လက်နက်ကြီး‌တွေနဲ့ အကြောင်းမဲ့ပစ်ခတ်ခဲ့တာကြောင့် နဘူးတောရွာ တောပြင်မှ အသက် ၆၀ အရွယ် အမျိုးသမီး ၁ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အလားတူ ၀မ်ပေါင်ကြေးနီစီမံကိန်းထဲတွင် တပ်စွဲနေတဲ့ စစ်ကောင်စီတပ်ကပင် ပြီးခဲ့တဲ့ ဩဂုတ် ၁၄ ရက်ကလည်း ဆားလင်းကြီးမြို့နယ်က ကံကုန်းကျေးရွာနဲ့ ဒုန်းတောကျေးရွာတို့ရှိ  ပြည်သူ ၇ ဦးကို ဖမ်းဆီးကာ လမ်းပြအဖြစ် ခေါ်သွားပြီး ယနေ့ထိပြန်လည်လွှတ်ပေးတာမျိုးမရှိသေးသလို အဲ့ဒီစစ်ကြောင်းက ဆားလင်းကြီးနဲ့ ယင်းမာပင်မြို့နယ်တို့ကို လှည့်လည်စစ်ကြောင်းထိုးနေလို့ ကျေးရွာ ၈ ရွာနီးပါးက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#သတင်း #စစ်ကိုင်းတိုင်း #ယင်းမာမြို့နယ် #စစ်ကောင်စီ #လက်နက်ကြီးပစ်ခတ်မှု #စစ်ရှောင် #ကလေးသူငယ် #သေဆုံးမှု #လူသားဒိုင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10