ယင်းမာပင်နယ်က ၇ ရက်တာတိုက်ပွဲမှာ PDF ၂ဦးသေဆုံးပြီး စစ်အုပ်စုက ၆၀ ဝန်းကျင် သေဆုံးဟုဆို (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်အတွင်း မေလ ၁၁ ရက်ကနေ ၁၇ ရက်နေ့အထိ ဖြစ်ခဲ့တဲ့ တပတ်တာတိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၆၀ ဦးဝန်းကျင် သေဆုံးပြီး ၃၀ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ကျောက်လုံးကြီး KLG တပ်မဟာမှ ရဲဘော်တဦးကပြောပါတယ်။

ယင်းမာပင်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ အင်အား ၂၀၀ ခန့်ပါ စစ်ကောင်စီစစ်ကြောင်းနဲ့ PDF ပူးပေါင်းတပ်ဖွဲ့တို့ မေလ ၁၁ ရက်က နဘူးတောကျေးရွာနားမှာ ၁ ကြိမ်၊ ၁၂ ရက်မှာ ၁ ကြိမ်၊ ၁၃ ရက်မှာ တွင်းကျေးရွာနဲ့ ယက္ကန်းတိုင်ကျေးရွာအကြားတွင် ၂ ကြိမ် ၊ ၁၄ ရက်မှာ မင်းမရွာအတွင်း ၁ ကြိမ်၊ ၁၅ ရက်မှာ တွင်းကျေးရွာတွင် ၂ ကြိမ်၊‌ ၁၆ ရက်မှာ မင်းမရွာ အရှေ့ဘက်တွင် ၁ ကြိမ် စုစုပေါင်း တပတ်တာအတွင်း တိုက်ပွဲ ၈ ကြိမ်အထိ ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ ကျောက်လုံးကြီး KLG တပ်မဟာ ရဲဘော်တဦးက ပြောပါတယ်။

မေလ ၁၁ ရက်နေ့က ရွှေတောင်ကြီးမြို့နယ်၊ နဘူးတောကျေးရွာမှာ စစ်ကောင်စီအင်အား ၂၀၀ ခန့်နဲ့ တိုက်ပွဲစတင်ခဲ့ပြီး မေလ ၁၂ ရက်နေ့မှာတော့ စစ်ကောင်စီစစ်ကြောင်း အင်အား ၁၀၀ ခန့်က ဘန့်ဘွေးရွာကနေ စစ်ကြောင်းထိုးလာရင်း တွင်းရွာဘက်က ကလေး ၂ ဦး နဲ့ လူကြီး ၁ ဦးတို့ကို သတ်သွားခဲ့သလို မေလ ၁၃ ရက်နေ့မှာလည်း ကင်းရွာထဲက ၁၈ နှစ် အမျိုးသမီးတဦးကိုပါ သတ်သွားခဲ့တယ်လို့ ဆိုပါတယ်။


မေလ ၁၄ ရက်မှာ စစ်ကောင်စီတပ်တွေ အထိနာပြီး တံတားဦး လေတပ်က တိုက်လေယာဉ်နဲ့ ဗုံးလာကြဲခဲ့တဲ့အပြင် မုံရွာ နမခ ထဲကနေ အမြောက်တွေနဲ့ပါ ပစ်ကူပေးတယ်လို့ဆိုပါတယ်။

မေလ ၁၇ ရက်နေ့မှာတော့ တိုက်ပွဲမဖြစ်ဘဲနဲ့ ကနီမြို့နယ် ချောင်းမအနောက်ရွာကို တိုက်လေယာဉ် ၂ စီးနဲ့ ဗုံးကြဲသွားခဲ့လို့ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းအပါအဝင် လူနေအိမ်တွေပျက်စီးခဲ့သလို ကလေးတဦးထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

၇ ရက်အကြာတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၆၀ ဝန်းကျင်သေဆုံးပြီး ၃၀ ကျော်ဒဏ်ရာရခဲ့သလို ကာကွယ်ရေးပူးပေါင်းအဖွဲ့က ကျောက်လုံးကြီး KLG တပ်မဟာမှ ရဲဘော် ၂ ဦး သေဆုံးပြီး ၂ ဦးမှာ မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့တယ်လို့ ပြောပါတယ်။

"၁၁ ရက်နေ့က ၁၀ ယောက်လောက်သေတယ်။ ကျန်တာတွေက ကျနော်တို့ပေါင်းပြီးတော့မှတ်ထားတာ။ မင်းမကျေးရွာဘုန်းကြီးကျောင်းထဲမှာ မီးရှို့ထားခဲ့တာရယ်၊ ပြည်သူအိမ် ၅လုံးထဲမှာ ထည့်ပြီး မီးရှို့ထားခဲ့တာရယ်" လို့ KLG တပ်မဟာ ရဲဘော်တဦးက ဆိုပါတယ်။

ဒီတိုက်ပွဲမှာ ပြည်ထောင်စုလွတ်မြောက်ရေးတပ်ဦး၊ နဂါးညီနောင်၊ ယင်းမာပင် PDA၊ MPDF ကနီတပ်ခွဲ၊ ဗျတ္တညီနောင်၊ Triple Two၊ ချင်းတွင်းဂဠုန်ရာဇာ၊ ဗိုလ်မုတ်ဆိတ် တပ်ခွဲ၊ Spring Guerrilla Platoon ၊ ချိုမိုင်မိုင် ၊Alpha special force၊ ချင်းတွင်းတိုက်ဂါး၊ B21၊ ဆရာစံ၊ ရင်း ၁ ၊ ရင်း ၂၊ ကနီ၊ ယင်းမာပင်၊ ဆားလင်းကြီး၊ မုံရွာ စတဲ့မဟာမိတ်ညီနောင်တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ
#ယင်းမာပင် #တိုက်ပွဲ #စစ်ကောင်စီ #ကနီ #PDF #KLG

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10