ယင်းမာပင်နဲ့ပုလဲမှာ စစ်အုပ်စုအဖွဲ့တွေ တိုက်ခိုက်ခံရလို့ ထိခိုက်မှုရှိ

ယင်းမာပင်နဲ့ပုလဲမှာ စစ်အုပ်စုအဖွဲ့တွေ တိုက်ခိုက်ခံရလို့ ထိခိုက်မှုရှိ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်နဲ့ ပုလဲမြို့နယ်တို့မှာ စစ်ကောင်စီတပ်ဖွဲ့တွေကို  ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေက အောက်တိုဘာ ၆ ရက်မှာ တိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်မှုတွေရှိတယ်လို့ တပ်ဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။

ဆားလင်းကြီးမြို့နယ်ကနေ ပုလဲ၊ ကန်ဒေါင့်ရဲစခန်းကို ထွက်ခွာလာတဲ့ ရိက္ခာစစ်ကားတွေအတွက် စပါးစေ့ကျေးရွာအနီး လုံခြုံရေးယူပေးနေတဲ့ ရှေ့ပြေးတပ်သား ၅၀ ဦးခန့်ကို  အဲ့ဒီနေ့ နေ့လယ် ၂ နာရီကျော်မှာ မိုင်းဆွဲပြီးတဲ့နောက် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၆ ဦးထက်မနည်း ထိခိုက်တယ်လို့ ဆိုပါတယ်။

" သေဆုံးမှုရှိ၊ မရှိတော့ မသိရဘူး။ ဒဏ်ရာရတာကိုတော့ မျက်မြင်ပဲ"လို့ ABSDF Column 3 မှ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

ဒီတိုက်ခိုက်မှုကိုတော့ ABSDF အမှတ် ၁၄ တပ်ရင်း၊ ရဲခေါင်ပြောက်ကျားတပ်ဖွဲ့၊ B.L.D.F၊ ပုလဲမြို့နယ် ပကဖတို့ကလုပ်ဆောင်ခဲ့တာပါ။

အလားတူ ညနေ ၅ နာရီကျော်မှာလည်း ယင်းမာပင်မြို့နယ်ထဲက ပျူစောထီးအားကောင်းတဲ့ ဘန့်ဘွေးကျေးရွာကို ရွာရဲ့ ၁မိုင်ခန့်အကွာကနေ ၆၀ မမ၊ ၈၀ မမ လက်လုပ်စိန်ပြောင်းတွေနဲ့ ၁ နာရီခန့်အကြာ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

"ဘန့်ဘွေးက တရွာလုံးပျူတွေချည်းပဲ။ လက်နက်ကြီးကျည်တွေကလည်း ရွာထဲကိုကျတယ်။ ငိုသံတွေ၊ အော်သံတွေကြားခဲ့ရတယ်။ ထိခိုက်သေဆုံးမှုကိုတော့မသိရဘူး" လို့ ယင်းမာပင်-ဆားလင်းကြီး လက်နက်ကြီးမဟာမိတ်တပ်ပေါင်းစုမှ ပြန်ကြားရေး တာဝန်ခံကပြောပါတယ်။

ဒီတိုက်ခိုက်မှုကိုတော့ SalingyiBorder TaskForce-SBTF၊ မဲမှောင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ နယ်စည်းမခြား ဇာမဏီပြောက်ကျားတပ်ဖွဲ့၊ ပြည်သူအားလုံးရဲ့PK၊ Golden Star Force၊ Arlarwaka Brother Defense Force၊ စစ်ကျွန်မခံမြွေဆိုးတစ်သိုက် ၊Chind WinMyay Division PDFတို့ကလုပ် ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ပုံစာ - ABSDF Column 3 တပ်ဖွဲ့ဝင်များ (ပုံဟောင်း)။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#စစ်ကိုင်း #ယင်းမာပင် #ပုလဲ #စစ်အုပ်စု #တိုက်ခိုက်ခံရ #PDF #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10