ယင်းမာပင်မြို့က ပြည်သူ ၁ ဦး ထင်းရှာရင်းမိုင်းထိလို့ ခြေချောင်းတွေ ပြတ်တောက်

ယင်းမာပင်မြို့က ပြည်သူ ၁ ဦး ထင်းရှာရင်းမိုင်းထိလို့ ခြေချောင်းတွေ ပြတ်တောက်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့ပေါ်က ထင်းရှာထွက်တဲ့ အမျိုးသား ၁ ဦး မြေမြှုပ်မိုင်းနင်းမိလို့ ခြေချောင်း ပြတ်တောက်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒီဇင်ဘာ ၇ ရက် ဒီကနေ့ မနက် ၉ နာရီဝန်းကျင်က ယင်းမာပင်မြို့ (ဃ) ရပ်ကွက်မှာနေတဲ့ ကိုယောလေး(ခ) ဖိုးပြား (အသက် ၃၅)နှစ်ဟာ ယင်းမာပင်မြို့၊ သုဿာန်ဟောင်းနားမှာ ထင်းရှာနေချိန် ခုလို မိုင်းနင်းမိတာလို့ ဆိုပါတယ်။

အခင်းဖြစ်ရာ သုဿန်ဟောင်းနေရာဟာ စစ်ကောင်စီတပ်ဖွဲ့တွေ အထိုင်ချထားတဲ့ရဲစခန်းနဲ့ မီတာ ၄၀၀ (ကိုက် ၄၀၀ ကျော်)ဝန်းကျင်ပဲ ဝေးတယ်လို့ သိရပါတယ်။ 

"တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်နေတဲ့အချိန်အတွင်း ယင်းမာပင်မြို့ထဲမှာကျန်ခဲ့တဲ့ စစ်ကောင်စီတပ်က မြို့အပြင်မှာ မြေမြှုပ်နင်းမိုင်းတွေ လိုက်ထောင်ထားတာ။" လို့ ဒေသခံတဦးက ပြောပါတယ်။

မြေမြှုပ်မိုင်းနင်းမိတဲ့ အမျိုးသားကို မြို့ခံပြည်သူတွေကပဲ စိုက်ပျိုးရေးရုံးမှာရှိတဲ့ စစ်ကောင်စီတပ်ဆေးခန်း ဖြစ်တဲ့ ဗျူဟာဆေးခန်းကို ပို့ဆောင်ပေးခဲ့ရတယ်လို့ သိရပါတယ်။

"မိုင်းကွဲတဲ့အသံကြားပြီး နာရီဝက်လောက်နေမှ မြို့ထဲကလူတချို့ သုဿာန်ဟောင်းဘက်သွားကြည့်ကြတာ။ဟိုရောက်တော့ ကိုယောလေးက သွေးထွက်တော်တော်လွန်နေပြီ။" လို့ ဒေသခံတဦးက ပြောပါတယ်။

မိုင်းမိဒဏ်ရာကြောင့် ခြေထောက် ၂ ဖက်စလုံးက ခြေချောင်းတွေကို ဖြတ်တောက်ခဲ့ရပြီး ဒဏ်ရာက သွေးထွက်လွန်နေတာကြောင့် မုံရွာမြို့က ဆေးရုံ ၁ ခုကို ထပ်မံပို့ဆောင်ခဲ့ရတယ်လို့ ဆိုပါတယ်။ 

စစ်ကောင်စီက ယင်းမာပင်မြို့ပေါ်က ခရိုင်ထွေထွေအုပ်ချုပ်ရေးရုံး၊ ရဲစခန်း စတဲ့နေရာတွေမှာ အထိုင်စခန်းချထားပြီး အဲဒီအနီးဝန်းကျင်ပတ်လည်မှာ မိုင်းထောင်တာတွေ၊ ကာကွယ်ရေးတပ်တွေ လာနိုင်တယ်လို့ ယူဆတဲ့ လမ်းပိုင်းမှာ မိုင်းထောင်ထားတာတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

“ရန်သူက ခံစစ်ပြင်ထားတာကို၊ ခံစစ်ပြင်ထားတာဆိုတော့ ရှေ့ထွက်(မိုင်း)ရှိတယ်၊ ပတ်ချာလည်တွေမှာပေါ့။ ဒီဘက်က လာနိုင်တဲ့ လမ်းကြောင်းတွေဘာတွေမှာ တန်ပြန်ပေါ့လေ၊ ဆင်ထားတဲ့ဟာတွေရှိတယ်။” လို့ ‌ယင်းမာပင်မြို့ ဒေသခံ နောက်ထပ်တဦးက ပြောပါတယ်။

အဲ့ဒီဖြစ်စဉ် ဖြစ်ပြီးနောက်ပိုင်း ယင်းမာပင်မြို့နယ်အခြေစိုက် တော်လှန်ရေးသတင်းဌာနတချို့ရဲ့ လူမှုကွန်ရက် စာမျက်နှာတွေမှာလည်း မြေမြှုပ်မိုင်းအန္တရာယ် သတိပေးကြေညာချက်တွေ ထုတ်ပြန်ထားပါတယ်။

ပုံစာ - စစ်အုပ်စု စွန့်ခွာသွားသည့် တောင်ခင်ရန်းရဲစခန်းထဲမှ မိုင်းများကို ABSDF Column 3 ရဲဘော်တဦး ရှာဖွေတူးဖော်နေစဉ်။ (ပုံဟောင်း)

သတင်း - ကျော်စွာ၊ စာတည်း - JCG

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ယင်းမာပင်မြို့  #မြေမြုပ်မိုင်း #မိုင်း #စစ်ကောင်စီ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10