ယင်းမာပင်မြို့မှာ တူမီးတော်လှန်ရေးစာစောင်တွေကို ဒေသခံတွေဆီ ဖြန့်ဝေ

ယင်းမာပင်မြို့မှာ တူမီးတော်လှန်ရေးစာစောင်တွေကို ဒေသခံတွေဆီ ဖြန့်ဝေ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်က ဒေသခံပြည်သူတွေဆီကို ဇူလိုင် ၃၁ ရက် ဒီမနက်ပိုင်းမှာ တူမီးတော်လှန်ရေး လက်ကမ်းစာစောင်တွေ ဖြန့်ဝေပေးခဲ့ကြတယ်လို့ တူမီး - တော်လှန်ရေးစာစဥ်အဖွဲ့က ပြောပါတယ်။

တူမီးတော်လှန်ရေးစာစဥ်က အပတ်စဥ် အင်္ဂါနေ့တိုင်းထွက်ရှိပြီး စာစောင်တွေကို သပိတ်အင်အားစုတွေအနေနဲ့ လူထုစည်းရုံးဟောပြောမှုအားနည်းပြီး စစ်ရေးဘောင်ကျယ်နေတဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းထဲက ကျေးရွာတွေကို အဓိကဖြန့်ဝေပေးနေတာဖြစ်တယ်လို့ ဆိုပါတယ်။

"လူထုကို စည်းရုံးဟောပြောမှုတွေလုပ်ဖို့မှာ အလွန်ကိုနည်းနေသေးတယ်။ မလုံလောက်သေးဘူးပေါ့။ ဒီလိုစာစောင်တွေကတော့ အပတ်စဥ်တိုင်းမှာ ရွာတိုင်းကို ရောက်နိုင်အောင် ကြိုးစားနိုင်တယ်ပေါ့။  ကြာရှည်လာတဲ့ တော်လှန်ရေးမှာ လူထုရဲ့ တော်လှန်ရေးသက်လုံကို မြှင့်နိုင်ဖို့က အဓိကအချက်ပါ"လို့ တူမီး - တော်လှန်ရေးစာစဥ်အဖွဲ့ လုပ်ငန်းတာဝန်ခံ ကိုရီဗိုက ပြောပါတယ်။

လက်ကမ်းစာစောင်မှာ တော်လှန်ရေးနဲ့သက်ဆိုင်တဲ့ ဆောင်းပါးကဏ္ဍ၊ ကဗျာကဏ္ဍ၊ သတင်းကဏ္ဍ၊ လူထုဟစ်တိုင်ကဏ္ဍ၊ အက်ဆေးကဏ္ဍလိုမျိုး ကဏ္ဍတွေပါဝင်ပြီး အင်တာနက်မရတဲ့ ပြည်သူတွေ တော်လှန်ရေးနဲ့ ဝေးကွာမသွားအောင် ဖြစ်ပေါ်ပြောင်းလဲနေတဲ့ နိုင်ငံရေးဖြစ်စဥ်တွေ၊ စစ်ရေး အကြံပြုချက်တွေ၊ သတင်းတိုတွေ၊ သတင်းရှည်တွေ ပါဝင်တယ်လို့ ကိုရီဗိုက ပြောပါတယ်။

လက်ရှိမှာတော့ စစ်ကိုင်းနဲ့ မကွေးတိုင်းက မြို့နယ် ၁၁ မြို့နယ်မှာ ဖြန့်ဝေနေပြီး အပတ်စဥ်အစောင်ရေ ၂၅၀၀ နှုန်းနဲ့ ဖြန့်ဝေနေကာ "ဖတ်ပါ၊ ပြန်လည်မျှဝေပါ" ဆိုတဲ့အတိုင်း တဦးကို တစောင်နှုန်းနဲ့မဟုတ်ဘဲ ကျေးရွာတရွာကို ၁၀ စောင်နှုန်းနဲ့ ဖြန့်ဝေနေတာလို့ ဆိုပါတယ်။ 

ဖြန့်ဝေတဲ့ မြို့နယ်အမည်တွေကိုတော့ လုံခြုံရေးအရ ထည့်သွင်းပြောကြားခဲ့ခြင်း မရှိပါဘူး။ 

အခုလိုဖြန့်ဝေနေတဲ့အချိန်မှာ ကာလကြာမြင့်လာတာနဲ့အမျှ အဖွဲ့မှာ ငွေကြေးအင်အားနည်းပါးမှု၊ ပစ္စည်းမလုံလောက်မှု၊ လူအင်အားနည်းပါးမှု၊ အင်တာနက်လိုင်း ခက်ခဲမှု၊ ဖြန့်ချိရေးမှာ မြေပြင်အခြေအနေကြောင့် ကြန့်ကြာမှုတွေ ရှိပေမယ့် ကိုယ်ထူကိုယ်ထ လုပ်နေကြတာဖြစ်တယ်လို့ ကိုရီဗိုက ဆက်ပြောပါတယ်။

ဒီစာစောင်ကို ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ မေလမှာ အစပျိုးခဲ့တာဖြစ်ပြီး စစ်ကိုင်းကမြို့နယ်တချို့ကို အင်တာနက်စဖြတ်တဲ့ စက်တင်ဘာလမှာ စတင်ဖြန့်ဝေနိုင်ခဲ့တယ်လို့ သိရပါတယ်။

စာတည်း - လင်း

#မြေလတ်အသံ

#စစ်ကိုင်း #ယင်းမာပင် #တူမီးတော်လှန်ရေးစာစဥ် #ဖြန့်ဝေ #ဒေသခံပြည်သူ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10