ယင်းမာပင်မှာတိုက်ပွဲဖြစ်လို့ စစ်တပ်က ၅ဦးသေဆုံး၊ ၁၀ဦးဒဏ်ရာရှိဟုဆို

ယင်းမာပင်မှာတိုက်ပွဲဖြစ်လို့ စစ်တပ်က ၅ဦးသေဆုံး၊ ၁၀ဦးဒဏ်ရာရှိဟုဆို

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့မှာ စစ်ကောင်စီတပ်နဲ့ ယင်းမာပင်ခရိုင်တပ်ရင်းတို့ ဇူလိုင် ၈ ရက် မနက်၉နာရီကျော်မှာ တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် စစ်ကောင်စီဘက်က ၅ ဦးသေဆုံးကာ ၁၀ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ယင်းမာပင်ခရိုင် တပ်ရင်း ၁၇က ပြောပါတယ်။

 

အင်အား ၈၀ကျော်ပါတဲ့ တပ်မ ၉၉ လက်အောက်ခံ စစ်ကောင်စီတပ်သားတွေက ယင်းမာပင်မြို့ထဲကနေ ထွက်လာချိန် ယင်းမာပင်ခရိုင်တပ်ရင်း ၃ ခုက အသင့်စောင့်ကြိုပြီး ကြားဖြတ်တိုက်ခိုက်ခဲ့ရာ မိနစ် ၂၀ခန့်ကြာ အပြန်အလှန် တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

 

"ကျနော်တို့က သတင်းရလို့ လမ်းကနေဖြတ်တိုက်တာ။ လက်ဦးမှု ရတာပေါ့။ သေဆုံးတာနဲ့ ဒဏ်ရာ ၁၀ ကောင်ရတာကိုတော့ အတွင်းသတင်းပေးပြောလို့ အတည်ပြုခဲ့တာ"လို့ ယင်းမာပင်ခရိုင်တပ်ရင်း ၁၇ (B-21 Kani PDF)မှ တာဝန်ရှိသူတဦးက ပြောပါတယ်။

 

တိုက်ပွဲဖြစ်ပြီးနောက် အဆိုပါစစ်ကောင်စီတပ်သားတွေဟာ ကျေးရွာတွေဘက်ကို စစ်ကြောင်း ဆက်မထိုးတော့ဘဲ မြို့ထဲကိုပြန်ဝင်သွားခဲ့ကြကာ သေဆုံး၊ ဒဏ်ရာရရှိခဲ့တဲ့ စစ်သားတွေကို လူနာတင်ကား ၂စီးနဲ့ ဆေးရုံကိုပို့ဆောင်ခဲ့ကြတယ်လို့ အထက်ပါတာဝန်ရှိသူက ဆက်ပြောပါတယ်။

 

ဒီတိုက်ခိုက်မှုကို ယင်းမာပင်ခရိုင်တပ်ရင်း ၁၇ (B-21Kani PDF)နဲ့အတူ ယင်းမာပင်ခရိုင်ရင်း ၁၊ခရိုင်ရင်း ၃၁ တို့က ပူပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

 

အခုလိုတိုက်ခိုက်ခံရတဲ့စစ်ကြောင်းဟာ ဇူလိုင် ၇ရက်မှာ ဆားလင်းကြီးမြို့နယ်ထဲကနေ ယင်းမာပင်မြို့ထဲကို ရောက်ရှိလာခဲ့တာဖြစ်ပြီး မြို့ကိုလာတဲ့လမ်းမှာတွေ့ရှိခဲ့ရတဲ့ ကျေးရွာ ၃ရွာက ၅နှစ်အရွယ်ကလေးတဦး အပါအဝင် ဒေသခံပြည်သူ ၃ဦးကိုသတ်ခဲ့သေးတယ်လို့ သိရပါတယ်။

 

ပြီးခဲ့တဲ့ဇွန် ၉ရက်ကဖြစ်ပွားခဲ့တဲ့ ဆားလင်းကြီးမြို့ နယ်၊ ညောင်ပင်ကြီးရဲစခန်းသိမ်း တိုက်ပွဲမှာလည်း ယင်းမာပင်ခရိုင်တပ်ရင်း ၁၇က မဟာမိတ်အဖွဲ့တွေနဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သိပါတယ်။

 

ယင်းမာပင်ခရိုင်တပ်ရင်း ၁၇၊ B-21 Kanin PDF ရဲ့ "ခံစစ်မှသည် ထိုးစစ်ဆင်ဖို့လက်နက်များများတပ်ဆင်စို့" ဆိုတဲ့ campaign မှာ ပြည်သူတွေပူပေါင်းပါဝင်ပေးကြဖို့ကိုလည်း တပ်ရင်းတာဝန်ရှိသူက မေတ္တာရပ်ခံထားပါတယ်။

 

ပုံစာ - ယင်းမာပင်ခရိုင်တပ်ရင်း ၁၇မှ ရဲဘော်များ လေ့ကျင့်နေမှုမြင်ကွင်း။

 

စာတည်း - လင်းဇေ

 

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ယင်းမာပင်မြို့ #စစ်ကောင်စီ #သေဆုံး #KaninPDF

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10