ယင်းမာပင်မှာ စစ်ကောင်စီတပ်ပစ်ခတ်လို့  ၅ နှစ်အရွယ်ကလေး ၁ ဦးအပါ ၃ ဦး သေဆုံး

ယင်းမာပင်မှာ စစ်ကောင်စီတပ်ပစ်ခတ်လို့  ၅ နှစ်အရွယ်ကလေး ၁ ဦးအပါ ၃ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ကို ဇူလိုင်လ ၇ ရက်နေ့လယ် ၂ နာရီကျော်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်က လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တာကြောင့် ၅ နှစ်အရွယ် ကလေး ၁ ဦးအပါအဝင် ၃ ဦးသေဆုံးခဲ့တယ်လို့ Brave Eagles Revolution Force က ပြောပါတယ်။

 သေဆုံးသူမှာ ရွာသာယာရွာက ၅ နှစ်အရွယ် ကလေး ၁ ဦး၊ ရာဇကျော်ရွာက ကိုထွန်းသိန်း ၃၆ နှစ်၊ ပျံလှည့်ကျေးရွာက အသက်၂၀ ကျော်အမျိုးသား ၁ ဦးတို့ဖြစ်ကြပြီး အင်အား ၆၀ ကျော်ပါတဲ့ ခြေလျင်စစ်ကြောင်းက ပစ်သတ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ 

"ရွာသာယာ၊ ပျံလှည့်၊ ရာဇကျော်ရွာတွေက စစ်ကြောင်းထိုးလာတဲ့လမ်းတလျောက်မှာရှိတာ။ သူတို့ကို လမ်းမှာတွေ့လို့ ပစ်သတ်သွားတာလို့ သိရတယ်။ ပွဲချင်းပြီးသေသွားကြတယ်" လို့ ယင်းမာပင်အခြေစိုက် Brave Eagles Revolution Force မှ ခေါင်းဆောင် ကိုရှမ်းကပြောပါတယ်။ 

အဲ့ဒီစစ်ကြောင်းဟာ ဆားလင်းကြီးမြို့နယ်ထဲကနေ ယင်းမာပင်မြို့ထဲကို ထိုးလာတာဖြစ်ပြီး ဒေသခံ ၃ ဦးကို ပစ်သတ်ပြီးနောက် စစ်ကြောင်းဟာ ယင်းမာပင်မြို့ထဲက အ.ထ.က စာသင်ကျောင်းမှာ ဝင်ရောက်တပ်စွဲကြတယ်လို့ သိရပါတယ်။

 အဲ့ဒီစစ်ကြောင်းတပ်စွဲနေတဲ့နေရာကို မနေ့က ည ၉ နာရီမှာ Brave Eagles Revolution Force နဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက ၆၀ မမ ၅ လုံးနဲ့ သွားရောက်ပစ်ခတ်ခဲ့ပေမယ့် စစ်ကောင်စီတပ် ထိခိုက်၊ သေဆုံးမှုအခြေအနေကို မသိရှိခဲ့ရဘူးလို့ ခေါင်းဆောင် ကိုရှမ်းက ဆက်ပြောပါတယ်။ 

တိုက်ခိုက်ချိန်အတွင်း စစ်ကောင်စီတပ်က တမြို့လုံးကို မီးတွေပိတ်လိုက်ပြီးတော့ ရဲတပ်ရင်း ၂၈ ကနေ ၁၀၅ မမ ၄ လုံး၊ အထကကျောင်းထဲကနေ လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့ပေမယ့် PDF ရဲဘော်တွေ အထိအခိုက်မရှိ ပြန်ဆုတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

 စာတည်း - နွေဦးငြိမ်းချမ်း


#မြေလတ်အသံ
#စစ်ကိုင်းတိုင်း #ယင်းမာပင် #ဆားလင်းကြီး #ဒေသခံ #ပစ်ခတ်မှု #စစ်ကောင်စီ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10