ယင်းမာပင်မှာ ပိတ်ရက်အချိန်ပိုစာသင်နေတဲ့ ကြားကာလကျောင်းကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်

ယင်းမာပင်မှာ ပိတ်ရက်အချိန်ပိုစာသင်နေတဲ့ ကြားကာလကျောင်းကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှ ကြားကာလပညာသင်နေတဲ့ စာသင်ကျောင်းကို စစ်ကောင်စီတပ်က စက်တင်ဘာ ၁၀ ရက် မွန်းလွဲ ၁၂ နာရီကျော်မှာ ရဟတ်ယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပွင့်ကြီးတောတိုက်ကျေးရွာမှာရှိတဲ့ အဲ့ဒီ စာသင်ကျောင်းနဲ့ ရွာဘုန်းတော်ကြီးကျောင်းကို Mi-35 ရဟတ်ယာဉ် ၁ စီးနဲ့ ဗုံးသီး ၈ လုံးကြဲပြီး ၄၅ မိနစ်ကြာ စက်လတ်တွေနဲ့ ပစ်ခတ်ခဲ့တာလို့ဆိုပါတယ်။

" တနင်္ဂနွေဆိုတော့ အလယ်တန်းနဲ့ အထက်တန်းက ကလေးတွေကို အချိန်ပိုခေါ်သင်နေတာ။ အဲ့အချိန်မှာ လေယာဥ်သံကြားလို့ ချက်ချင်းကျောင်းလွှတ်လိုက်တယ်။ ဘာဖြစ်လို့ဆိုတော့ တခြားမြို့တွေမှာ ကျောင်းတွေကို တိုက်ခိုက်တာတွေရှိလို့။ အဲ့ဒါကြောင့် ကလေးတွေ အထိအခိုက်မရှိခဲ့တာ" လို့ ပွင့်ကြီးတောတိုက် ကျေးရွာမှ အမျိုးသားတဦးက ပြောပါတယ်။

အဆိုပါကြားကာလပညာသင်ကျောင်းဟာ NUG လက်အောက်မှာရှိတဲ့ စာသင်ကျောင်းတခု ဖြစ်ပြီး မူလတန်းကနေ အထက်တန်းအထိသင်ကြားပေးနေတဲ့ ကျောင်းတကျောင်းဖြစ်တယ်လို့ အထက်ပါအမျိုးသားက ပြောပါတယ်။

လေယာဥ်နဲ့တိုက်ခိုက်ခံရတာကြောင့် စာသင်ကျောင်းတဆောင်လုံး ပျက်စီးပြီး စေတီတဆူရဲ့ ထီးတော်စောင်းသွားခဲ့သလို စေတီရဲ့ကိုယ်ထည်ကိုပါကျည်တချက်ထိမှန်ခဲ့ပါတယ်။ ဒါ့အပြင် ကျေးရွာက လူနေအိမ် ၂ လုံးပျက်စီးခဲ့ကာ အမျိုးသားတဦး မစိုးရိမ်ဒဏ်ရာရရှိခဲ့တယ်လို့ သူကဆိုပါတယ်။

ပြီးခဲ့တဲ့ဇူလိုင် ၁၂ ရက်ကလည်း ယင်းမာပင်မြို့အထွက်မှာတည်ရှိတဲ့ လေးရွာ၊ ရွာထောင်၊ မြေကျက်ဆူ၊ မြို့ကြီးစတဲ့ကျေးရွာ ၄ ရွာကို မုံရွာနမခကနေ Mi 35 ရဟတ်ယာဉ် ၁ စီးနဲ့ ပစ်ခတ်ခဲ့ရာ လူနေအိမ်တွေပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#သတင်း #ကြားကာလကျောင်း #ပညာရေး #ကလေးသူငယ်အရေး #စစ်ကောင်စီ #ဗုံးကြဲတိုက်ခိုက် #ရဟတ်ယာဉ် #ပျက်စီးဆုံးရှုံး #ဘာသာရေးအဆောက်အဦ #စေတီ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10