ယာဉ်စစ်ဆေးဖမ်းဆီးဖို့လာတဲ့စစ်အုပ်စု မိုင်းဆွဲခံရလို့ အမျိုးသမီးယာဥ်ထိန်းရဲ ၁ ဦး ဒဏ်ရာပြင်းထန်

ယာဉ်စစ်ဆေးဖမ်းဆီးဖို့လာတဲ့စစ်အုပ်စု မိုင်းဆွဲခံရလို့ အမျိုးသမီးယာဥ်ထိန်းရဲ ၁ ဦး ဒဏ်ရာပြင်းထန်

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့မြောက်ဘက်အထွက်၊ ရွှေလက်ပံရပ်ကွက်ရှိ ပွင့်ဖြူမြို့ဆိုင်းဘုတ်အနီးမှာ ယာဥ်စစ်ဆေးဖမ်းဆီးဖို့ရောက်လာတဲ့ ယာဥ်ထိန်းနဲ့စစ်တပ်အဖွဲ့ မိုင်းဆွဲခံရပြီး ယာဥ်ထိန်း ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အောက်တိုဘာ ၁၁ ရက် ဒီကနေ့မနက် ၈ နာရီခန့်မှာ ယာဥ်ထိန်းရဲ ၄ ဦးနဲ့ စစ်သား ၂ ဦး စုစုပေါင်း ၆ ဦးက လမ်းသွားလမ်းလာ ဆိုင်ကယ်၊ ကားတွေကို စစ်ဆေးဖို့လုပ်နေချိန် မိုင်းဆွဲခံရတာလို့ဆိုပါတယ်။

"ဆိုင်ကယ်ဖမ်းမလို့ ထွက်လာတာ။ ဆပလိုင်းချက်(ရှောင်တခင်စစ်ဆေးဖမ်းဆီးခြင်း) ထွက်လာတာ။ သူတို့ရောက်ပြီးသိပ်မကြာဘူး။ ‘အုန်း’ဆို ထကွဲတာ။ တလုံးတည်းကွဲတာ။ လက်ပံပင်ကြီးအောက်က ကွဲတာ"လို့ ဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။

မိုင်းကွဲပြီးနောက် ယာဥ်စစ်အဖွဲ့မှာပါလာတဲ့ စစ်ကောင်စီတပ်သားတွေက ပတ်ဝန်းကျင်ကို သေနတ်တွေနဲ့လိုက်ချိန်နေတဲ့အတွက် လမ်းသွားလမ်းလာတွေ ထိတ်လန့်ခဲ့ကြရတယ်လို့လည်း ဆိုပါတယ်။ 

မိုင်းကွဲလို့ ယာဥ်ထိန်းရဲမေ သဲသဲ မှာ ဦးခေါင်းထိခိုက်ဒဏ်ရာ(စိုးရိမ်ရ)၊ နောက်ထပ်ယာဥ်ထိန်းရဲတဦးမှာလည်း လက်ကိုမိုင်းစထိမှန်ဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့ပြီး လက်ရှိမှာ ယာဥ်ထိန်းရဲမေ သဲသဲ ကို ပွင့်ဖြူဆေးရုံကနေ မကွေးဆေးရုံကို လွှဲပြောင်းကုသနေရတယ်လို့ သိရပါတယ်။

ဒီမိုင်းကို ဘယ်အဖွဲ့က ထောင်ထားတယ်ဆိုတာကိုတော့ သတင်းထုတ်ပြန်တာမျိုးမရှိသေးပါဘူး။

စက်တင်ဘာ ၈ ရက်ကလည်း ပွင့်ဖြူမြို့နယ်၊ လယ်မကျေးရွာမှာ ဆိုင်ကယ်နဲ့လာတဲ့ ပျူစောထီး ၂ ဦးပစ်ခံရပြီး ၁ ဦးသေ၊ ၁ ဦးဒဏ်ရာရတယ်လို့ သိရပါတယ်။

ပုံစာ - မင်းဘူး (စကု)မြို့နယ်အတွင်း စစ်ကောင်စီလက်အောက် ယာဉ်ထိန်းရဲများ ယာဉ်စစ်ဆေးဖမ်းဆီးနေစဉ်။

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #ပွင့်ဖြူ #ယာဉ်ထိန်း #မိုင်းဆွဲတိုက်ခိုက် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10