ယောဒေသမှာ ဗုံးခိုကျင်းတွေ တူးကြဖို့ တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းနေ

ယောဒေသမှာ ဗုံးခိုကျင်းတွေ တူးကြဖို့ တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းနေ

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်က ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်နယ်မြေတွေမှာ စစ်ကောင်စီရဲ့ လေကြောင်းရန်နဲ့ လက်နက်ကြီးရန်ကို ကာကွယ်နိုင်ဖို့ ဒေသခံပြည်သူ‌တွေအနေနဲ့ ဗုံးခိုကျင်းတူးကြရန် တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းနေကြတယ်လို့ သိရပါတယ်။ 

စစ်ကောင်စီက ပြီးခဲ့တဲ့ အောက်တိုဘာ လဆန်းပိုင်းကစတင်ပြီး အခုအချိန်ထိ ‌ ဒေသကာကွယ်ရေးတပ် ထိန်းချုပ်နယ်မြေဒေသတွင်းကို လေယာဉ်နဲ့ ဗုံးလာကြဲတာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာ‌တွေ ပြုလုပ်နေတာကြောင့် ဒေသခံတွေအနေနဲ့ ဗုံးခိုကျင်းတွေတူးကြဖို့မှာကြားရတာလို့ ဆိုပါတယ်။

ဗုံးခိုကျင်းတွေ ကြိုတင်တူးထားကြဖို့ လိုက်လံပြောဆိုရာမှာ မဖြစ်မနေတူးခိုင်းတာမျိုးမဟုတ်ဘဲ အသိပညာပေးအနေနဲ့ လိုက်လံနှိုးဆော်တာဖြစ်တယ်လို့ သိရပါတယ်။

ဂန့်ဂေါဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် တဦးက "ဘာတိုက်ပွဲမှလည်းမရှိဘူး၊ ဘာမှထွေထွေထူးထူးမရှိဘဲနဲ့ လေကြောင်းတိုက်ခိုက်တာတွေရှိတယ်ပေါ့။ ဒီရွာထဲကို အရပ်သားတွေရှိတဲ့နေရာတွေကို ကြဲချတာတွေရှိတဲ့အတွက် လူတိုင်းအိမ်တိုင်းပေါ့၊ ကျနော်တို့ ဗုံးခိုကျင်းတူးထားကြတယ်ပေါ့။" လို့ ပြောပါတယ်။

‌ဗုံးခိုကျင်းတွေ တူးထားခြင်းမရှိပါက စစ်ကောင်စီရဲ့ လေကြောင်းရန်နှင့် လက်နက်ကြီး ပစ်ခတ်တဲ့ရန်ကြောင့် အသက်အန္တရာယ်ထိခိုက်နိုင်ပြီး ဗုံးခိုကျင်းတွေတူးထားပါက ဒေသခံတွေအနေနဲ့ စစ်ကောင်စီရဲ့ရန်ကို အတန်အသင့်ဒဏ်ခံနိုင်တယ်လို့ သူက ဆိုပါတယ်။

"ဒီဗုံးခိုကျင်းရှိတယ်ဆိုရင် ထိခိုက်ဒဏ်ရာမရနိုင်ဘူးပေါ့။ သေသွားနိုင်လောက်တဲ့ အဆင့်ထိဆိုရင် ထိခိုက်ဒဏ်ရာရမယ်ပေါ့၊ အသက်မဆုံးရှုံးပဲနဲ့။" လို့ သူက ဆက်ပြောပါတယ်။

လက်ရှိဂန့်ဂေါနယ်မှာလည်း မြို့နယ်အုပ်ချုပ်ရေးပိုင်းကနေတဆင့် ရပ်ရွာဒေသခံတွေအထိ စစ်ကောင်စီရဲ့ လက်နက်ကြီးရန်၊ လေကြောင်းရန်ဒဏ်နှင့် ဗုံးခိုကျင်းတူးခြင်းအသိပညာတွေကို လက်ဆင့်ကမ်းမျှဝေနေတာတွေရှိတယ်လို့ သိရပါတယ်။

အခုလို ဗုံးခိုကျင်းတူးခိုင်းရာမှာ အရေးပေါ်ခိုလှုံစရာအဖြစ် ရေမြောင်းပုံစံ တူးခိုင်းတာရှိသလို ၆ ပေ ပတ်လည်ကျင်းပုံစံ တူးခိုင်းတာလည်းရှိတယ်လို့ ဆိုပါတယ်။ 

စစ်ကောင်စီလက်နက်ကြီးတွေ အမြဲမပြတ်ပစ်ခံရတဲ့နေရာတွေမှာ ဗုံးခိုကျင်းတွေ တူးကြပေမယ့် တချို့နေရာတွေမှာတော့ ဗုံးခိုကျင်းတူးတာတွေ မလုပ်ကြဘူးလို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ဆိုပါတယ်။ 

ဂန့်ဂေါမြို့နယ်မှာ ဗုံးခိုကျင်း ၁ ကျင်းကို ကျပ် ၄ သိန်းဝန်းကျင်ကုန်ကျပြီး သဲအိတ်တွ ဝယ်ယူရာမှာ အခက်အခဲရှိတယ်လို့ ဆိုပါတယ်။ 

ဒေသကာကွယ်ရေးတပ်ရဲ့ စားရင်းပြုစုချက်အရ စစ်ကောင်စီရဲ့ လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုကြောင့် ဂန့်ဂေါမြို့နယ်မှာ အောက်တိုဘာ ၁ လအတွင်း ဒေသခံ ၃ ဦးသေဆုံးခဲ့ပြီး ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့‌ပါသေးတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG အနေနဲ့လည်း စစ်ကောင်စီရဲ့ လက်နက်ကြီးရန်နဲ့ လေကြောင်းရန် အများဆုံးခံနေရတဲ့ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ တနင်္သာရီတိုင်းတို့မှာ  ဗုံးခိုကျင်း ၃၃၉ ကျင်းတူးဖော်ပေးခဲ့ပြီး နိုင်ငံအဝှမ်း‌ ဗုံးခိုကျင်း စုစုပေါင်း ၁,၁၇၅ ကျင်းတူးပေးခဲ့တယ်လို့ ၂၀၂၃ ဇူလိုင်လအတွင်းက သတင်းထုတ်ပြန်ထားပါတယ်။

ပုံစာ-ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တခုက ပြည်သူတွေကို လေကြောင်းရန်ကာကွယ်ရေး အသိပညာပေးနေစဉ်။

သတင်း - သက်ဝေ၊ စာတည်း - JCG

#မြေလတ်အသံ

#မကွေးတိုင်း #ဂန့်ဂေါမြို့ #စစ်ကောင်စီ #လေကြောင်း #ဗုံးခိုကျင်း #PDF 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10