ယော PDF ၁ ဦး Starlink ၆ စုံနဲ့ အလင်းဝင်တယ်ဆိုပြီး စစ်တပ်ဝါဒဖြန့် (Fact Check)

ယော PDF ၁ ဦး Starlink ၆ စုံနဲ့ အလင်းဝင်တယ်ဆိုပြီး စစ်တပ်ဝါဒဖြန့် (Fact Check)

ယောဒေသမှာ PDF ၁ ဦး Starlink ၆ စုံယူလာပြီး စစ်တပ်ဆီမှာ အလင်းဝင်တယ်ဆိုတဲ့ သတင်းအကြောင်းအရာ စစ်ကောင်စီထောက်ခံရေးသားနေတဲ့ တယ်လီဂရမ်လူမှုကွန်ယက်တွေမှာ ပျံ့နှံ့နေပါတယ်။ 

■ သတင်းအမှားပျံ့နှံ့မှု ■

“ ယောဒေသမှာ PDF တစ်ဦး Starlink ၆ စုံယူပြီး တပ်မတော်ထံအလင်း၀င်။ အသိမြင်မှန်တာကို ကြိုဆိုပါတယ်ညီလေး။ ဘာပဲဖြစ်ဖြစ် လူပီသစွာနေလို့ရပြီပေါ့(မူရင်းရေးသားချက်အတိုင်း)“ ဆိုကာ ရေးသားဖြန့်ဝေထားတာ ဖြစ်ပါတယ်။

အဆိုပါအကြောင်းအရာကို စစ်ကောင်စီကိုထောက်ခံရေးသားနေတဲ့ Subscribers ၁၅၈,၀၀၀ ကျော်ရှိ မှိုင်းဝေ တယ်လီဂရမ်ချန်နယ်မှ နိုဝင်ဘာ ၂ ရက် နေ့လယ် ၁၁ နာရီ ၁၇ မိနစ်မှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး နိုဝင်ဘာ ၁၀ ရက် ဒီနေ့ မနက်ပိုင်းအထိ Views(ကြည့်ရှုသူ) ၄၂၄၀၀ ကျော် Reaction ၁၁၂၄ ခု ရှိခဲ့တာ ဖြစ်ပါတယ်။

သတင်းမှားဖော်ပြမှု မူရင်းကို အောက်ဖော်ပြပါ လင့်ခ်မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

မှိုင်းဝေ တယ်လီဂရမ်ချန်နယ်မှ သတင်းဖော်ပြမှု - https://archive.ph/6wCUp

ဒါ့အပြင် နိုဝင်ဘာ ၂ ရက် ညနေ ၃ နာရီ ၁၀ မိနစ်မှာ ရဲဘော် ဖိုးသော် ဖေ့စ်ဘုတ်အကောင့်ကနေလည်း အဲ့ဒီသတင်းအကြောင်းအရာကို ထပ်ဆင့်ဖြန့်ဝေခဲ့ပြီး နိုဝင်ဘာ ၇ ရက် ဒီနေ့ မနက်ပိုင်းအထိ Reaction ၂၂၄ ခု၊ မှတ်ချက် ၁၁ ခုနဲ့ ပြန်လည်မျှဝေသူ ၃၇ ဦး ရှိခဲ့တာ ဖြစ်ပါတယ်။

ရဲဘော် ဖိုးသော် ဖေ့စ်ဘုတ်အကောင့်မှ သတင်းထပ်ဆင့်ဖော်ပြမှု - https://archive.ph/2CWsT

အဆိုပါအကြောင်းအရာ လူမှုကွန်ယက်မှာပျံ့နှံ့နေမှုကို မြေလတ်အသံမှ ပြန်လည်စစ်ဆေးခဲ့ရာ အချက်အလက်မှားယွင်းနေပြီး သတင်းတု၊ သတင်းမှား ဖြစ်ကြောင်း စိစစ်တွေ့ရှိခဲ့ရပါတယ်။ 

■ သတင်းမှားဖြစ်ကြောင်း စိစစ်ဖော်ပြချက် ■ 

အထက်ပါအကြောင်းအရာနဲ့ပတ်သက်ပြီး လွတ်လပ်တဲ့သတင်းဌာနတွေမှာ ရှာဖွေကြည့်ရာ သတင်းဖော်ပြထားတာမတွေ့ရသလို ဒေသခံကာကွယ်ရေးအဖွဲ့အစည်းတွေဘက်ကလည်း ၎င်းတို့တပ်ဖွဲ့ဝင်ဖြစ်ကြောင်း ထုတ်ပြန်ဖော်ပြတာမျိုး မတွေ့ရပါဘူး။

ဒါ့ကြောင့် ဖော်ပြထားတဲ့ဓါတ်ပုံကို “Google Image Search” မှာ ရှာဖွေကြည့်ရာ ချင်းပြည်နယ်နဲ့ ယောဒေသသတင်းတွေကို ဖော်ပြတဲ့ Chin World သတင်းဌာနက ပုံပါအမျိုးသားမှာ PDF မဟုတ်ဘဲ ဆိုင်ကယ်ကယ်ရီသမားဖြစ်ကြောင်း၊ လွန်ခဲ့တဲ့ ၁ လခန့်က Star Link စက်များ သယ်ဆောင်ရင်း ဂန့်ဂေါမြို့မှာ လမ်းမှားကာ စစ်ကောင်စီတပ်ဖမ်းဆီးတာကိုခံခဲ့ရပြီးနောက် Star Link ၆ ခု သိမ်းဆည်းခံခဲ့ရကြောင်း ဖော်ပြထားတဲ့သတင်းကို တွေ့ရှိခဲ့ရပါတယ်။ 

"ချင်းအမျိုးသားဆိုင်ကယ်ကယ်ရီသမားတစ်ဦးကို PDF ရဲဘော်တစ်ဦး Starlink စက် ၆ လုံးဖြင့် အလင်းဝင်လာဟုဆိုကာ စစ်ကောင်စီမှလုပ်ကြံဝါဒဖြန့်" ထားကြောင်း Chin World သတင်းဌာနမှ ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၅ ရက်တွင် သတင်းဖော်ပြချက် - သတင်းကြည့်ရန်

ဒါကြောင့် ယောဒေသမှာ PDF ၁ ဦး Starlink ၆ ယူလာပြီး စစ်တပ်ဆီမှာ အလင်းဝင်တယ်ဆိုတဲ့သတင်းဟာ သတင်းအမှားတခုသာ ဖြစ်ပါတယ်။ 

■ သတင်းအမှားဖြန့်ဝေနေတဲ့အကောင့်များအား စိစစ်ချက် ■ 

သတင်းအမှားဖြန့်ဝေနေတဲ့ တယ်လီဂရန်ချန်နယ်နဲ့ ဖေ့စ်ဘုတ်စာမျက်နှာကို စိစစ်ကြည့်ရာမှာ လူမျိုးရေး၊ ဘာသာရေး အမုန်းစကားတွေနဲ့ သတင်းမှားတွေကို အစဉ်တစိုက်ဖြန့်ဝေနေပြီး စစ်ကောင်စီတပ်ကို ထောက်ခံရေးသားဝါဒဖြန့်နေတဲ့ ချန်နယ်တွေဖြစ်တာကို စိစစ်တွေ့ ရှိရပါတယ်။ 

မှိုင်းဝေ တယ်လီဂရန်ချန်နယ် - https://archive.ph/JPh5s

ရဲဘော် ဖိုးသော် ဖေ့စ်ဘုတ်စာမျက်နှာ  - https://archive.ph/MFA8q

မှိုင်းဝေချန်နယ် ယခင်ကဖြန့်ဝေခဲ့တဲ့ သတင်းအမှားတွေထဲက Myanmar Fact-checking Network - MFCN က စိစစ်ဖော်ပြထားတဲ့ သတင်းအမှားအကြောင်းအရာတချို့ကို အောက်ပါလင့်ခ်မှာ ကြည့်ရှုနိုင် ပါတယ်။

မှိုင်းဝေ တယ်လီဂရန်ချန်နယ်မှ ယခင်က သတင်းအမှားဖော်ပြမှု -  https://shorturl.at/NvxWl

■ သုံးသပ်ချက် ■

နိုင်ငံအနှံ့က စစ်ကောင်စီတပ်နဲ့လက်အောက်ခံတပ်ဖွဲ့ဝင်တွေဟာ တော်လှန်ရေးတပ်ဖွဲ့တွေအသီးသီးထံ နေ့စဥ်နီးပါးလက်နက်ပါ၊ လက်နက်မဲ့ ခိုလှုံအလင်းဝင်နေကြတဲ့အပေါ်  စစ်ကောင်စီတယ်လီဂရမ်ချန်နယ်တွေအနေနဲ့ တန်ပြန်ဝါဒဖြန့်ချီဖို့ PDFတွေ အလင်းဝင်နေကြောင်း သတင်းတုသတင်းမှားတွေ ရည်ရွယ်ချက်ရှိရှိ လုပ်ကြံဖန်တီး ဖြန့်ဝေလေ့ရှိပါတယ်။

အခုဖြစ်စဉ်မှာဆိုရင်လည်း Star Link စက်တွေ သယ်ယူလာတဲ့ ဆိုင်ကယ်ကယ်ရီသမားကိုဖမ်းဆီးကာ စက်တွေသိမ်းယူပြီးနောက် ၎င်းကယ်ရီသမားနဲ့ Star Link စက်တွေကို မှတ်တမ်းဓါတ်ပုံရိုက်ယူကာ "PDF ၁ ဦး စတားလင့်ခ်စက်တွေနဲ့ အလင်းဝင်လာကြောင်း" လုပ်ကြံဖန်တီး ဝါဒဖြန့်ရေးသားထားတာ ဖြစ်ပါတယ်။  

ဒါကြောင့် ဒီလိုသတင်းတွေကိုတွေ့ရင် အလွယ်တကူမယုံကြည်သင့်ဘဲ အချက်အလက်အတည်ပြုပြီးဖော်ပြတဲ့ လွတ်လပ်သောသတင်းဌာနတွေနဲ့ သက်ဆိုင်ရာ ဒေသတွင်းသတင်းဌာနများအပါအဝင် တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ထုတ်ပြန်ချက်တို့နဲ့ တိုက်ဆိုင်စစ်ဆေးပြီး နှိုင်းယှဉ်စဉ်းစားနိုင်ဖို့ အကြံပြုအပ်ပါတယ်။

#မြေလတ်အသံ

#Factcheck #သတင်းတုသတင်းမှား #PDF #အလင်းဝင် #StarLink

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10