ရခိုင်တွင် စစ်ကောင်စီနှင့် AAတို့ အပြန်အလှန်ဖမ်းဆီးမှုများ ဆက်တိုက်ပြုလုပ်နေ

ရခိုင်တွင် စစ်ကောင်စီနှင့် AAတို့ အပြန်အလှန်ဖမ်းဆီးမှုများ ဆက်တိုက်ပြုလုပ်နေ

ယခုဇွန်လအတွင်း ရခိုင်ပြည်နယ်တွင် စစ်ကောင်စီက ဒေသခံပြည်သူများ(အရပ်သားများ)ကို ဖမ်းဆီးစစ်ဆေးမှုများ လုပ်ဆောင်နေသလို ရက္ခိုင့်တပ်တော်(AA)ဖက်မှလည်း စစ်ကောင်စီတပ်သားများနှင့်ရဲတပ်သားများကို ဖမ်းဆီးမှုများ ဆက်တိုက်လုပ်ဆောင်လာနေသည်။

ပြီးခဲ့သည့် ဇွန်လ ၁၁ ရက်နေ့မှစတင်ကာ ရက္ခိုင့်တပ်တော်(AA)က ကျောက်တော်မြို့ပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့ ဝင် ၂ ဦးကို ဖမ်းဆီးခဲ့သလို ဇွန်လ ၁၆ ရက်နေ့တွင်လည်း ပုဏ္ဏားကျွန်းမြို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးကို ဖမ်းဆီးခဲ့ရာ ၁ ဦးကို ဖမ်းဆီးရမိခဲ့သော်လည်း နောက် ၁ ဦးမှာမှု ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။

အလားတူ ဇွန်လ ၁၇ ရက်နေ့တွင် ရက္ခိုင့်တပ်တော်(AA)က မြောက်ဦးမြို့နယ်၊ တိမ်ညိုကျေးရွာရှိ ရဲစခန်းမှ ရဲတပ်သားတဦးကို ဖမ်းဆီးခဲ့သလို ဇွန်လ ၂၀ ရက်နေ့တွင်လည်း ကျောက်‌တော်မြို့မရဲစခန်းမှ ရဲအုပ်တဦး၊ ရဲတပ်ကြပ်တဦးနှင့် ရဲတပ်သားတဦး စုစုပေါင်း ၃ ဦးကို ဖမ်းဆီးခဲ့သည်။

စစ်ကောင်စီဖက်မှလည်း ဇွန်လ ၁၆ ရက်နှင့် ၁၇ ရက်နေ့တို့တွင် ပုဏ္ဏားမြို့ခံအမျိုးသား ၄၀ ကျော်ကို ဖမ်းဆီးခဲ့ပြီးနောက် ၃၀ ခန့်ကို ပြန်လွှတ်ပေးခဲ့သော်လည်း၊ ကျန် ၁၁ ဦးမှာ လက်ရှိအချိန်ထိ လွှတ်မြောက်လာခြင်းမရှိသေးကြောင်း သိရသည်။
 
စစ်ကောင်စီဘက်မှ ဖမ်းဆီးထားသည့်သူမျာကို စစ်တွေမြို့ရှိ စစ်ဘက်ရေးရာ လုံခြံရေးတပ်ဖွဲ့ (စရဖ)စခန်းတွင် စစ်ကြောရေး စစ်ဆေးမေးမြန်းနေသည်ဟု ရခိုင်အခြေစိုက် Narinijara သတင်းဌာနတွင် သတင်းဖော်ပြပြီး၊ ယခုလို စစ်ကောင်စီက အပြစ်မဲ့ပြည်သူများကို ဖမ်းဆီးစစ်ဆေးမှုများ မပြုလုပ်ရန် ရခိုင်အမျိုးသားပါတီ(ANP)က ရခိုင်ပြည်ယ်အစိုးရကို တောင်းဆိုထားကြောင်း သိရသည်။

"ပုဏ္ဏားကျွန်းမြို့ပေါ်က ‌ဒေသခံတွေကို ဖမ်းဆီးနေ‌တော့ လုပ်ကိုင်စားသောက်ဖို့ အခက်အခဲရှိနေကြတယ်။ လုံခြုံရေး အတွက်လည်း စိတ်ချရမှုမရှိဘူး။ တချို့လူတွေဆို ဖမ်းဆီးစစ်ဆေးခံရတဲ့အပြင် ဆေးရုံမှာတင်ပြီးတော့ ဆေးကုသနေရတယ်လို့သိရတယ်။ အဲဒါကြောင့် ဒီဖြစ်စဥ်နဲ့ပတ်သက်လို့ သက်ဆိုင်ရာ အာဏာပိုင်တွေဖက်က ဖမ်းဆီးစစ်ဆေးမှုတွေကို မလုပ်ဖို့အစိုးရကို တိုက်တွန်းတောင်းဆိုပါတယ်" ဟု ရခိုင်အမျိုးသားပါတီ(ANP)ဥက္ကဌ ဦးသာထွန်းလှက ပြောသည်။

ရက္ခိုင့်တပ်တော်(AA)အနေဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များကို ဖမ်းဆီးနေရခြင်းမှာ ၎င်းတို့က မိမိတို့၏ (ULA/AA)အဖွဲ့ဝင်များကို ဖမ်းဆီးမှုများပြုလုပ်နေသည့်အတွက် အပြန်အလှန်အနေဖြင့် ဖမ်းဆီးရခြင်း ဖြစ်သည်ဟု ဇွန်လ ၁၄ ရက်နေ့တွင် ပြုလုပ်ခဲ့သည့်သတင်းစာရှင်းလင်းပွဲတွင် ပြောခွင့်ရသူ ခိုင်သုခက ပြောဆိုခဲ့သည်။

ယနေ့ဇွန်လ ၂၁ ရက်နေ့တွင်လည်း ကျောက်‌တော်မြို့မှ လူမှုရေးလုပ်ငန်းများလုပ်ကိုင် ဆောင်ရွက်ပေးနေသည့် မြို့ခံအမျိုးသား ဦးဇော်ဝင်းကို စစ်ကောင်စီကဖမ်းဆီးသွားခဲ့သည်ဟု ၎င်း၏ရင်းနှီးသူတဦးက ပြောသည်။

"သူတို့မိသားစု ထမင်းစားနေတာ။ အဲဒီအချိန်မှာ စစ်သားအင်အား ၂၀ကျော်လောက်က အိမ်ကိုဝိုင်းလိုက်ပြီးတော့ ဖမ်းခေါ်သွားတာပါ"ဟု သူကဆိုသည်။

လက်ရှိအချိန်တွင်လည်း ကျောက်တော်မြို့ပေါ်ရှိ လမ်းခွဆုံတိုင်းတွင် စစ်ကောင်စီတပ်သားအများအပြားမှာ လုံခြုံရေးအပြည့်ယူထားသည့်အတွက် စျေးကိုလည်းပိတ်ထားလိုက်ရသည်ဟု မြို့ခံများက ပြောဆိုနေကြသည်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10